အပစ်ရပ် ပျက်ပြယ်ပြီးနောက် အငြင်းပွား ကာရာဘတ်ရှ်ရှေ့တန်းမှာ အာမေးနီးယားတပ်တွေ တပ်စွဲ

အပစ်ရပ် ပျက်ပြယ်ပြီးနောက် အငြင်းပွား ကာရာဘတ်ရှ်ရှေ့တန်းမှာ အာမေးနီးယားတပ်တွေ တပ်စွဲ
Photo - AFP

အောက်တိုဘာ ၁၉

နယ်မြေပိုင်နက် အငြင်းပွားပြီး စစ်ပွဲဖြစ်ပွားနေတဲ့ အိမ်နီးချင်း အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နှစ်နိုင်ငံကြား အပစ်ရပ်သဘောတူညီချက်သစ်တစ်ရပ် ပျက်ပြယ်သွားပြီးနောက်မှာ စစ်ဖြစ်နေရာ နာဂေါ်နို ကာရာဘတ်ရှ်ဒေသက ရှေ့တန်းတည်နေရာတွေမှာ အာမေးနီးယားတပ်တွေက တပ်စွဲထားပါတယ်။

အငြင်းပွား နာဂေါ်နိုကာရာဘတ်ရှ်ဒေသကြောင့် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ဒုတိယအကြိမ် ကြိုးစားထားတဲ့ အပစ်ရပ်သဘောတူညီချက်သစ်ကို ချိုးဖောက်တယ်ဆိုပြီး တနင်္ဂနွေနေ့က နှစ်နိုင်ငံကြား အပြန် အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။

အဲဒီ အငြင်းပွားဒေသကြောင့် သီတင်းသုံးပတ်ကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ အဆုံးသတ်ရေးအတွက် နိုင်ငံတကာရဲ့ ဖြန်ဖြေမှုနဲ့အတူ ဆိုဗီယက်ဟောင်းနိုင်ငံတွေဖြစ်တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ကြား မှာ  စနေနေ့ ညလယ်ကစပြီး အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ နာဂေါ်နိုကာရာဘတ်ရှ်ဒေသဟာ အာမေးနီးယားတိုင်းရင်းသားတွေ နေထိုင်ရာ ဒေသဖြစ်ပြီး ၁၉၉၀ ခုနှစ်တွေမှာ စစ်ပွဲကြောင့် အဇာဘိုင်ဂျန် ထိန်း ချုပ်မှုအောက်ကနေ ကင်းကွာသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တစ်ပတ်က ရရှိခဲ့တဲ့ အပစ်ရပ်သဘောတူညီမှုဟာလည်း အပြန်အလှန် စွပ်စွဲပြစ်တင်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာကြောင့် ပျက်ပြားသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ လူရာပေါင်းများစွာ သေဆုံးသလို ထောင်ပေါင်းများစွာလည်း နေအိမ်စွန့် ထွက်ပြေးကြရပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ဒုတိယမြို့တော် ဂန်ဂျာမြို့ဆီ ပြီးခဲ့တဲ့ စနေနေ့က ဒုံးကျည်တွေ ပစ်ခတ်လို့ ကလေးငယ်တွေ အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့တာဟာ လက်ရှိအထိ အရပ်သား သေဆုံးမှုအများဆုံး တိုက်ခိုက်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုဖြစ်အပြီးမှာ အပစ်ရပ်သစ်ကို သဘောတူကြေညာခဲ့တာပါ။

အပစ်ရပ်သဘောတူညီချက် အသက်ဝင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ တနင်္ဂနွေနေ့  အစောပိုင်းမှာ အဇာဘိုင်ဂျန်တပ်တွေက အမြောက်နဲ့ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်လာတယ်လို့ အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဇာဘိုင်ဂျန်ဟာ ကာရာဘတ်ရှ်ရှေ့တန်း တောင်ဖက်ဧရိယာကိုလည်း တိုက်ခိုက်ပြီး ၎င်းရဲ့ သစ္စာမတည်မြဲမှုကို နိုင်ငံတကာအသိုင်းအဝန်းကို ချပြလိုက်တယ်လို့ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောပါတယ်။

အဇာဘိုင်ဂျန်ဖက်က ပြန်လည်စွပ်စွဲရာမှာ အာမေးနီးယားတပ်တွေဟာ လက်နက်ကြီးတွေ၊ မော်တာဒုံးကျည်တွေနဲ့ ရှေ့တန်းတစ်လျှောက်ကို နံနက်အစောပိုင်းမှာပဲ တိုက်ခိုက်လာခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အာမေးနီးယားဟာ အပစ်ရပ်ကို ရိုင်းစိုင်းစွာ ချိုးဖောက်နေပြီး နိုင်ငံတကာ ဖြန်ဖြေသူတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြောင်းပြောင်းတင်းတင်း မထီမဲ့မြင်ပြုနေတယ်လို့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခု အပစ်ရပ်ဟာ အကျဉ်းသားတွေနဲ့ ရုပ်အလောင်းတွေ လဲလှယ်ဖို့အတွက် လူသားချင်းစာနာထောက်ထားရေး ယာယီအပစ်ရပ်မှုတစ်ရပ်ပဲ ဖြစ်တယ်ဆိုပြီး နှစ်ဖက်စလုံးက ပြောကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required