အောက်တိုဘာ ၁၇
သောကြာနေ့ညက ထိပ်တိုက်တိုးချိန်တွင် အဓိကရုဏ်းရဲတပ်ဖွဲ့များက တက်ကြွလှုပ်ရှားသူလူငယ်များကို အဓိကဦးတည်ပြီး မီးသတ်ပိုက်များဖြင့်ထိုးကာ လူစုခွဲခြင်းကြောင့် လူစုလူဝေးမလုပ်ရန် အရေး ပေါ်တားမြစ်ချက်ကို သုံးရက်မြောက် ဆက်လက် ချိုးဖောက်မည်ဖြစ်ကြောင်း ထိုင်း ဒီမိုကရေစီအရေး ဆန္ဒပြသူများ စနေနေ့က ပြောကြားလိုက်သည်။
ရဲများက လူစုမခွဲခင် ဘန်ကောက် မြို့တော်၏ အဓိက ဈေးဝယ်စင်တာတွင် ဆန္ဒပြသူ ၃၀၀၀ ခန့်က ဖမ်းဆီးခံထားရသော ဆန္ဒပြသူများကို လွှတ်ပေးရန်တောင်းဆိုခဲ့ကြပြီး အချို့ကတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန် အို ချာ အား နှုတ်ထွက်ရန် အော်ဟစ်ခဲ့ကြသည်။
ဆန္ဒပြအဖွဲ့များမှ အဓိက တစ်ဖွဲ့ဖြစ်သည့် Free Youth က ၎င်း၏ထောက်ခံသူများအား လမ်းပေါ်တက်ခဲ့ကြဖို့ တောင်းဆိုလိုက်သည်။
“ ထုတ်ဖော်ဆန္ဒပြဖို့နဲ့ တကယ်လို့ ဖြိုခွင်းလာရင် ခံနိုင်ရည်ရှိအောင် ကိုယ်စိတ်နှစ်ဖြာပြင်ထားကြပါ" အဖွဲ့၏ အွန်လိုင်းစာတွင် ဖော်ပြထားသည်။
ရာနှင့်ချီသော အဓိကရုဏ်းရဲများသည် သောကြာနေ့တွင် ဆန္ဒပြသူများအား ဓာတုဆေးပါသော အပြာရောင်ဆေးဆိုးထားသောရေများကို မီးသတ်ပိုက်များသုံး၍ ဖြိုခွင်းခဲ့သည်။
နောင်တွင် ဥပေဒအရအရေးယူနိုင်ရန်အတွက် ဆန္ဒပြသူများအား ဆိုးဆေးဖြင့် အမှတ်အသားပြုလုပ်ခြင်းဖြစ်သည်ဟု ရဲများက ပြောသည်။
လူငယ်များဦးဆောင်သော လှုပ်ရှားမှုသည် အစိုးရဆင်းပေးရန်နှင့် ယခင်က မလုပ်ဆောင်နိုင်ခဲ့သော ဘုရင်အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲရန်စသော တောင်းဆိုချက်များကြောင့် နိုင်ငံ၏ နိုင်ငံရေးအထက်လွှာကို လှုတ်ခတ်စေခဲ့သည်။
အလွန်တရာ ချမ်းသာကြွယ်ဝပြီး အာဏာရှိသော ဘုရင် မဟာ ဝိဇာယလောင်ကွန်းသည် ဆူပူအုံကြွမှုကို တိုက်ရိုက်ကိုင်တွယ်ခြင်းမရှိသော်လည်း သောကြာနေ့ထုတ်လွှင့်သော အခမ်းအနားတွင် ထိုင်းနိုင်ငံ သည် “တိုင်းပြည်ကိုချစ်သော ဘုရင်စနစ်ကို ချစ်သောလူများ လိုအပ်ကြောင်း” သတိပေးသွားသည်။
အပြစ်ရှိသူများ လွတ်မြောက်နေခြင်း
ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အထင်ရှားဆုံး ကိုး ဦးအပါအဝင် တက်ကြွလှုပ်ရှားသူ ၆၅ ဦးတို့သည် အင်္ဂါနေ့မှစ၍ ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများက အေ အက်ဖ်ပီကို ပြောသည်။
တော်ဝင်ယာဉ်တန်းအား ဗုဒ္ဓဟူးနေ့က ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် တက်ကြွလှုပ်ရှားသူနှစ်ဦးအား မသုံးဘူးသလောက်ဖြစ်သည့် ဥပဒေဖြစ်သော ဘုရင်မကြီးအား ဆူပူအကြမ်းဖက်မှုကို တားမြစ်သည့် ဥပဒေဖြင့် သောကြာနေ့အစောပိုင်းက ဖမ်းဆီးလိုက်သည်။
ပြစ်မှုထင်ရှားပါက နှစ်ဦးစလုံးသည် တစ်သက်တစ်ကျွန်းကျခံရနိုင်သည်။
ထိုင်းသတင်းစာဆရာတစ်ဦးသည်လည်း သောကြာနေ့ဆန္ဒပြပွဲအတွင်း ခေတ္တထိန်းသိမ်းခံခဲ့ရကြောင်း သူ၏ အွန်လိုင်းသတင်းစာ ပရာချာထိုင်း အရ သိရသည်။
နှုတ်ထွက်ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေမှုများကို လစ်လျူရှုလျက် ဝန်ကြီးချုပ် ပရာယွတ်သည် လေးဦးထက်ပို မစုစည်းရန် အရေးပေါ်တားမြစ်ချက်ကို နိုဝင်ဘာလလယ်ထိ တိုးမြှင့်လိုက် သည်။
ယခင်စစ်ဦးစီးချုပ်ဟောင်းသည် ၂၀၁၄ အာဏာသိမ်းမှုကို ကြိုးကိုင်ခဲ့သူဖြစ်ပြီး သူ့ကိုအသားပေးထားသော ယမန်နှစ်ရွေးကောက်ပွဲတွင် မဲရပြီး အာဏာရလာသူဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။
အရေးပေါ်တားမြစ်ချက်များကို လျော့ချရန်နှင့် ထိန်းသိမ်းထားသူများကို လွှတ်ပေးရန် အတိုက်အခံပါတီ Pheu Thai က အစိုးရကို တောင်းဆိုလိုက်သည်။
အရေးပေါ်တားမြစ်မိန့်သည် ရဲများအား “အခွင့်အရေးများချိုးဖောက်ခွင့်ပေးပြီး အရေးယူခြင်းမှ လွတ်မြောက်နေကြောင်း” အပြည်ပြည် ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စနေနေ့က သတိပေးလိုက်ပြီး နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို တောင်းဆိုလိုက်သည်။