အဇာဘိုင်ဂျန် ဒုတိယမြို့တော် ဒုံးကျည်ပစ်ခံရပြီး အပျက်အစီးတွေကြား အသက်ရှင်နိုင်သူတွေကို ရှာဖွေ

အဇာဘိုင်ဂျန် ဒုတိယမြို့တော် ဒုံးကျည်ပစ်ခံရပြီး အပျက်အစီးတွေကြား အသက်ရှင်နိုင်သူတွေကို ရှာဖွေ
Photo - AFP

အောက်တိုဘာ ၁၇

အဇာဘိုင်ဂျန်နိုင်ငံက ဒုတိယမြို့တော် ဂန်ဂျာမြို့ဟာ စနေနေ့မှာ ဒုံးကျည်တိုက်ခိုက်ခံရပြီး အိမ်ခြေအဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်နိုင်သူတွေကို အပျက်အစီး ပုံတွေကြားမှာ ရှာဖွေလျက် ရှိနေပါတယ်။

အနီရောင် ဟဲလ်မက်ခေါင်းဆောင်းတွေ ဆောင်းထားကြတဲ့ ကယ်ဆယ်ရေးသမား ဒါဇင်များစွာဟာ အသက်ရှင်နိုင်သူတွေကို ညအမှောင်ထဲမှာပဲ အသည်းအသန် ရှာဖွေလျက် ရှိနေကြတာ ဖြစ်ပါတယ်။

အငြင်းပွား နာဂေါ်နိုကာရာဘတ်ရှ်ဒေသရဲ့ ပဋိပက္ခဟာ သိသိသာသာ အရှိန်မြှင့်နေခဲ့ရာမှာ အခု ဒုံးကျည်တိုက်ခိုက်မှုဟာ ဒေသခံတွေ ညပိုင်း အိပ်စက်နေချိန်မှာ ဖြစ်ပွားတာဖြစ်ပြီး သေဆုံးတာနဲ့ ဆိုးဆိုးရွားရွား ဒဏ်ရာရသူ တွေ ရှိပါတယ်။

တိုင်းရင်းသား အာမေးနီးယား ခွဲထွက်ရေးဒေသဖြစ်တဲ့ ဒီ ဒေသရဲ့ စတက်ပါနာကက်မြို့တော်ဆီ အဇာဘိုင်ဂျင်တပ်ဖွဲ့တွေက အမြောက်တွေနဲ့ ပစ်ခတ်ပြီးတဲ့နောက်မှာ အစောပိုင်းနာရီမှာပဲ အခု ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပွား တာပါ။ ဂန်ဂျာမြို့ရဲ့ နောက်တစ်နေရာမှာလည်း ဒုတိယမြောက် ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပြီး အနီးဝန်းကျင်က မဟာဗျူဟာ အရေးပါတဲ့ မင်ဂီစီဗားမြို့ကလည်း တတိယမြောက်အဖြစ် ဒုံးကျည်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီ တိုက်ခိုက်မှု သုံးကြိမ်စလုံးက သေဆုံးသူ အရေအတွက်ကို တရားဝင်သတင်း မရသေးပေမယ့် ရုပ်အလောင်းအပိုင်းအစတွေ ပါရှိတဲ့ အိတ်အမည်းတွေကို ကယ်ဆယ်ရေးသမားတွေ သယ်ယူရွှေ့ပြောင်းနေတာကို ဂန်ဂျာမြို့က အေအက်ဖ်ပီ သတင်းထောက်က မြင်တွေ့ခဲ့ရပါတယ်။

ဒေသတွင်း အင်အားကြီး ရုရှနဲ့ တူရကီတို့ ကြားဝင်မဖြန်ဖြေခင် ခရစ်ယာန် အာမေးနီးယားနဲ့ မွတ်စလင် အဇာဘိုင်ဂျန်ကြား တိုက်ပွဲတွေ ပြန်လည်မဖြစ်ပွားအောင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ဒီ တိုက်ခိုက်မှုတွေက နောက် ထပ် ထိုးနှက်လိုက်တာပဲ ဖြစ်ပါတယ်။

အခု တိုက်ခိုက်မှုမှာ အိမ်ခြေအဆောက်အအုံတန်းတစ်ခုလုံး အပျက်အစီးပုံကြီး ဖြစ်သွားသလို ပတ်လည်က လမ်းတွေမှာ အဆောက်အအုံတွေဟာ နံရံတွေ ပြိုကျကုန်ပြီး အိမ်ခေါင်မိုးတွေလည်း ပျက်စီးခဲ့တာကို ဂန်ဂျာမြို့ ရောက် အေအက်ဖ်ပီသတင်းအဖွဲ့က မြင်တွေ့ခဲ့ရပါတယ်။

လူတွေဟာ အော်ဟစ်ငိုယိုပြီး အပြင်ကို ပြေးထွက်လာကြရာမှာ အချို့ဆို ညဝတ်ဝတ်စုံ ဝတ်လျက် တန်းလန်းနဲ့ ပြေးထွက်လာကြတာပါ။ တိုက်ခိုက်မှုဖြစ်အပြီး မိနစ်ပိုင်းမှာပဲ အပျက်အစီးပုံကြားကနေ ကလေးငယ်တစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားလေးဦးကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်လာတာကို မြင်ခဲ့ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

“ကျွန်မ စကြားတာကတော့ ပေါက်ကွဲမှုက သိပ်ပြီး မကျယ်လောင်ဘူး။ ဘာမှ မဖြစ်လောက်ဘူး ထင်လိုက်မိသေးတယ်။ အပြင်ကို ပြေးထွက်ကြည့်မိတော့မှ ပေါက်ကွဲမှု ကြီးမားတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မတို့ အိမ် တွေအားလုံး မြေပေါ်ပြားပြားဝပ် ပြိုကျပျက်စီးကုန်တယ်။”ဟု ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ ရူဘာဘာဇာဖာရိုဗာက ပြောပါတယ်။

“ကျွန်မတို့က အိပ်နေတာပါ။ ကလေးတွေကတော့ တီဗီကြည့်နေကြတာ ဖြစ်တယ်။”လို့ အသက် ၆၅ နှစ် ရှိ ရူဘာဘာက သူရဲ့ ပျက်စီးသွားတဲ့ အိမ်ရှေ့မှာ ရပ်နေရင်း ပြောပါတယ်။

“ဒီ ပတ်ပတ်လည်က အိမ်တွေအားလုံး ပျက်စီးကုန်တယ်။ လူတော်တော်များများ အပျက်အစီးပုံတွေအောက်မှာ ရှိနေသေးတယ်။ တချို့လည်း သေကြတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။”လို့ သူက ပြောပါတယ်။

လူဦးရေး သုံးသိန်းကျော်ရှိတဲ့ ဂန်ဂျာမြို့ကို အခု တိုက်ခိုက်မှုမတိုင်ခင် ခြောက်ရက်လောက်က ဖြစ်ပွားခဲ့တဲ့ ဒုံးကျည်တိုက်ခိုက်မှုမှာတော့ လူ ဆယ်ဦး သေဆုံးခဲ့ပါတယ်။

အဇာဘိုင်ဂျန် ပိုင်နက်အတွင်းမှာ ရှိတဲ့ အာမေးနီးယား တိုင်းရင်းသားဦးရေ တစ်သိန်းခွဲနီးပါး နေထိုင်ရာ ကာရာဘတ်ရှ်ဒေသနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား အငြင်းပွားနေတာပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ လူပေါင်း သုံးသောင်းနီးပါး သေဆုံးတဲ့  စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ ဒီ ဒေသဟာ အဇာဘိုင်ဂျန် ထိန်းချုပ်မှုအောက်ကနေ ကင်းကွာသွားခဲ့တာပါ။ ဒေသက ခွဲထွက်ရေးအစိုးရကို အာမေးနီးယားက ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပြုထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly