ထိုင်းအစိုးရ အိမ်တော်ရာရှေ့ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ 

ထိုင်းအစိုးရ အိမ်တော်ရာရှေ့ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ 

အောက်တိုဘာ ၁၅

ဘန်ကောက်က ဝန်ကြီးချုပ် ချန်အိုချာရဲ့ ရုံးအဆောက်အအုံ အပြင်ဖက်မှာ ကြာသပတေးနေ့ညက ထိုင်း ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဝန်ကြီးချုပ် နုတ်ထွက်ရေး တောင်းဆို ဆန္ဒပြကြပါတယ်။ 

ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုကြတဲ့ လူငယ်ထု ဦးဆောင်တဲ့ လှုပ်ရှားမှုတွေဟာ ဘုရင်သစ္စာခံအုပ်စုတွေရဲ့ ဆန့်ကျင်တာကို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

မကြာသေးတဲ့ လတွေမှာလည်း ကျောင်းသားတက်ကြွလှုပ်ရှားသူတွေက အင်အားများတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်အကြာမှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေးကို တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆန္ဒပြသူအချို့က နိုင်ငံမှာ ဩဇာအာဏာ ပြည့်ဝတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာကြပါတယ်။ ဒီအတွက် ဘုရင်စနစ်ကို စွဲမြဲစွာ လက်ခံထားကြသူတွေရဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။ 

ဘုရင် မဟာဝါဇီရလောင်ကွန်းရဲ့ တော်ဝင်ယာဉ်တန်း နေ့လယ်ပိုင်းမှာ ဖြတ်သန်းမောင်းနှင်သွားဖို့ရှိတဲ့ ဘန်ကောက်က ဒီမိုကရေစီ မော်ကွန်းအဆောက်အအုံနားမှာ ထိပ်တိုက်တွေ့ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ 

အဝါရောင်ဝတ် ဘုရင့်သစ္စာခံ အုပ်စုတွေ ရောက်ရှိလာပြီး အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ဆိုင်ကြတာကြောင့် ရဲတပ်ဖွဲ့ဟာ ဒီ အဖွဲ့နှစ်ဖွဲ့ကို ခွဲခြားဖို့ အရံအတားတွေနဲ့ လမ်းတွေကို ပိတ်ဆို့ခဲ့ရပါတယ်။ 

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲ စီစဉ်သူတွေက လာရောက်အင်အားပြိုင်တဲ့ ဘုရင့်ဘက်သားတွေကို ရန်စတာမျိုးမလုပ်ဖို့ ထောက်ခံသူတွေကို သတိပေးပါတယ်။ 

“တစ်ဖက်ကလည်း ရန်စတာမျိုး လုပ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။ ကျွန်တော်တို့ ဘယ်သူနဲ့မှ ထိပ်တိုက် မတွေ့လိုပါ။”ဆိုပြီး ထင်ကြားတဲ့ တက်ကြွလှုပ်ရှားသူ အန်နွန်နမ်ပါက ပြောပါတယ်။ 

“တော်ဝင်ယာဉ်တန်း ရောက်လာရင် ဆဲရေးတိုင်းထွာတာတွေလည်း မလုပ်ကြပါနဲ့။”လို့ သူက ပြောဆိုတိုက်တွန်းပါတယ်။ 

ရဲတွေဟာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူ အများစုကို ဝိုင်းရံတားမြစ်ထားပေမယ့် ယာဉ်တန်းရောက်လာချိန်မှာ ဆန္ဒပြသူ ဒါဇင်များစွာ ရှိနေခဲ့ပါတယ်။ 

ဆန္ဒပြသူတွေဟာ လက်သုံးချောင်းထောင် အလေးပြုတာကို ယာဉ်တန်းပေါ်က မိဖုရား စုသီဒါလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခုလို လက်သုံးချောင်းထောင်တဲ့ သင်္ကေတဟာ နာမည်ကြီး Hunger Games ရုပ်ရှင်ထဲက အာခံဖီဆန်တဲ့ ပြကွက်အပြုအမူကို ယူပြီး ဒီမိုကရေစီဆန္ဒပြပွဲတွေရဲ့ သင်္ကေတ ဖြစ်လာခဲ့တာပါ။ 

တော်ဝင်မိသားစုရဲ့ ဩဇာလောင်းရိပ်အောက်မှာ ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ခုလို တော်ဝင်အသိုင်းအဝန်းကို ပေါ်တင်ဆန့်ကျင်တာမျိုးက မကြုံဖူးတဲ့ ဖြစ်ရပ်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly