အငြင်းပွားဒေသမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား တိုက်ပွဲအရှိန် မြင့်လာ  

အငြင်းပွားဒေသမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား တိုက်ပွဲအရှိန် မြင့်လာ  
Photo - AFP

အောက်တိုဘာ ၁၅ 

အာမေးနီးယားနိုင်ငံ အတွင်းပိုင်းမှာရှိတဲ့ ဒုံးကျည်လောင်ချာတွေကို ဖျက်ဆီးပစ်ခဲ့ကြောင်းနဲ့ အဆိုပါ ဒုံးကျည်လောင်ချာတွေဟာဆိုရင် မိမိတို့ရဲ့ မြို့တွေကို ပစ်မှတ်ထားနေခဲ့တာဖြစ်ကြောင်း အဇာဘိုင်ဂျန်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။ 

ဒါဟာ နှစ်ဘက်အကြား တိုက်ပွဲ အရှိန်မြင့်လာခဲ့တာဖြစ်ပြီး ဒီအခြေအနေကနေတဆင့် နာဂေါ်နို-ကာရာဘက်ခ် အငြင်းပွားဒေသအရေး ပဋိပက္ခထဲကို ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တူရကီတို့ ပါဝင်ပတ် သက်လာစေဖို့ ထပ်မံ ခြိမ်းခြောက်လျက် ရှိပါတယ်။ 

အငြင်းပွားဒေသအရေးနဲ့ပတ်သက်လို့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား တပ်ဖွဲ့တွေအကြား သီတင်းပတ် နှစ်ပတ်ကြာ တိုက်ခိုက်မှုတွေအတွင်း လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာက ပြီးခဲ့တဲ့အပတ် မော်စကိုမှာ သဘောတူညီမှု ရခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်ကို အဓိပ္ပါယ်ကင်းမဲ့စေသလောက် ဖြစ်ထားစေခဲ့ပါတယ်။ 

အာမေးနီးယားဘက်ကတော့ ယင်းရဲ့နိုင်ငံထဲမှာ ရှိတဲ့ လက်နက်ကြီးနေရာတွေ တိုက်ခိုက်ခံရပြီး ထိမှန်ခဲ့တယ်ဆိုတာကို အတည်ပြုသွားပေမယ့် ယင်းရဲ့ တပ်ဖွဲ့တွေဟာ အဇာဘိုင်ဂျန်နိုင်ငံထဲကို ပစ်ခတ်မှုတွေ လုပ်မထားခဲ့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ယင်းရဲ့ တပ်ဖွဲ့တွေဟာလည်းပဲ မကြာမီ ရန်သူ့ နယ်မြေအတွင်းပိုင်းမှာ ရှိတဲ့ စစ်ဘက်တည်နေရာတွေကို ပစ်မှတ်ထား စတင်တိုက်ခိုက်သွားနိုင်တယ်လို့လည်း သတိပေးသွားပါတယ်။ 

ယင်းနောက်ပိုင်းမှာလည်း အဇာဘိုင်ဂျန်တို့ဟာ အပစ်ရပ်သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်နေပြီး တူရကီရဲ့ အားပေးထောက်ခံမှုနဲ့အတူ  အာမေးနီးယားကို တိုက်ခိုက်ပြီး ပဋိပက္ခ ဧရိယာကို ကျယ်လာအောင် ချဲ့ထွင်ဖို့ ကြိုးစားနေတယ်လို့ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲသွားပါတယ်။ 

ပြီးခဲ့တဲ့လက တိုက်ခိုက်မှုတစ်ရပ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း နာဂေါ်နို-ကာရာဘက်ခ်အရေး ပဋိပက္ခတွေဟာ ဒေသကို ကြီးကြီးမားမား ပိတ်လှောင်ကန့်သတ်မှုအောက်မှာ ရှိနေစေခဲ့ပါတယ်။ 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်တွေ့မှုဟာ အကြီးအကျယ် ပျက်စီးစေနိုင်တဲ့ အကျိုးဆက်တွေနဲ့အတူ စွမ်းအားကုန်သုံး၊ စစ်မျက်နှာစုံဖွင့် စစ်ပွဲကြီးတစ်ခုအဖြစ် ထိုးတက်ရောက်ရှိသွားမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ 

အာမေးနီးယားဟာ ရုရှားဦးဆောင်တဲ့ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုပေမယ့်လည်း ခု ပဋိပက္ခမှာ မိမိတို့ ပါဝင်ပတ်သက်လာဖို့ မရှိဘူးလို့ လက်ရှိအချိန်အထိ မော်စကိုက ငြင်းဆန်ထားပါတယ်။ အဖွဲ့ရဲ့ စာချုပ်ဟာ အာမေးနီးယား မြေပိုင်နက်ကိုသာ သက်ရောက်ပြီး ကာရာဘက်ခ်ကို မဟုတ်ကြောင်း မော်စကိုက မှတ်ချက်ပေးပါတယ်။ 

အာမေးနီးယား အများစု နေထိုင်တဲ့ နာဂေါ်နို-ကာရာဘက်ခ်ဒေသကတော့ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ၁၉၉၀ စစ်ပွဲတစ်ခု ပေါ်ပေါက်ပြီးနောက်ပိုင်း အာမေးနီးယားတွေပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ 

အဇာဘိုင်ဂျန်ကတော့ ဒီဒေသကို ပြန်လည်ထိန်းချုပ်မှု ရယူချင်တဲ့ ယင်းရဲ့ ဆန္ဒကို ဘယ်တုန်းကမှ ဖုံးကွယ်ထားတာမျိုး မရှိပါဘူး။ ဒါ့အပြင် နာဂေါ်နို-ကာရာဘက်ခ်ရဲ့ လွတ်လပ်ရေးကြေညာမှုကိုလည်း ဘယ်နိုင်ငံကမှ အသိ အမှတ်ပြုမထားပါဘူး။ 

ခွဲထွက်ရေး တပ်သားတွေဟာ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ရှိတဲ့ ရှေ့တန်းနေရာတွေကနေ ဆုတ်ခွာထားခဲ့ရပြီဖြစ်ကြောင်းနဲ့ အခြေအနေဟာ “အတော့်ကို စိုးရိမ်စရာကောင်းနေတယ်” လို့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်က အောက်တိုဘာ ၁၄ ရက်မှာ ဝန်ခံသွားပါတယ်။ 

“ရန်သူကို တားဆီးဖို့ ကျွန်တော်တို့ ညီညွတ်ကြရမယ်၊ ကာရာဘက်ခ်ရဲ့ လွတ်လပ်ရေးကို ရယူဖို့ ကျွန်တော်တို့ စည်းလုံးကြရမယ်” လို့ ၎င်းက နိုင်ငံကို ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းတစ်ခုထဲမှာ ပြောသွားပါတယ်။ 

စက်တင်ဘာ ၂၇ ရက်က ပေါ်ပေါက်ခဲ့တဲ့ ယခုနောက်ဆုံး တိုက်ခိုက်မှုတွေကတော့ ၁၉၉၄ ခုနှစ် အပစ်ရပ်စဲမှု နောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်နေပြီး အရပ်သား ၇၀ ကျော်အပါအဝင် လူပေါင်း ၆၀၀ ကျော် အသက်ဆုံးရှုံးထားခဲ့ပြီးဖြစ်တယ်လို့ နှစ်ဘက်စလုံးရဲ့ တစ်စိတ်တစ်ဒေသ သေဆုံးသူစာရင်းတွေအပေါ် အခြေပြု ကောက်ခံထားတဲ့ စာရင်းတစ်ရပ်အရ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒုံးကျည် ၊ ဒုံလက်နက်တွေနဲ့အတူ တိုက်ခိုက်နေတယ်ဆိုပြီး တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲထားကြပါတယ်။  

အောက်တိုဘာ ၁၄ ရက်မှာလည်း အဇာဘိုင်ဂျန်တို့ဟာ ကာရာဘက်ခ်မှာ ရှိတဲ့ ဆေးရုံတစ်ရုံကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ အာမေးနီးယားတို့က ပြောသွားခဲ့ပါတယ်။ 

ဒီ နာဂေါ်နို-ကာရာဘက်ခ်ဒေသအရေး တိုက်ခိုက်မှုတွေ ကျယ်ပြန့်လာတာနဲ့အတူ အောက်တိုဘာ ၁၄ ရက်မှာ အဇာဘိုင်ဂျန်ရဲ့ ရှေ့တန်းစစ်မျက်နှာက မြို့တစ်မြို့ဖြစ်တဲ့ တာတာမြို့မှာ ကြီးမားလှတဲ့ လက်နက်ကြီးကျည်ကျမှု အသံ ပဲ့တင်ရိုက်ခတ်ခဲ့ပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly