ဆေးရုံဆင်းပြီးနောက် ပထမဆုံးမဲဆွယ်ပွဲမှာ စွမ်းအားတွေပြည့်နေတယ်လို့ ခံစားရကြောင်း ထရမ့်ပြော 

ဆေးရုံဆင်းပြီးနောက် ပထမဆုံးမဲဆွယ်ပွဲမှာ စွမ်းအားတွေပြည့်နေတယ်လို့ ခံစားရကြောင်း ထရမ့်ပြော 
Photo - AFP

အောက်တိုဘာ ၁၄ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ COVID-19 ရောဂါကူးစက်ခံရပြီး ရွေးကောက်ပွဲမဲဆွယ်မှုစည်းရုံးမှုတွေနဲ့ ၁၀  ရက်လောက် ကင်းကွာသွားပြီးတဲ့နောက် အောက်တိုဘာ ၁၂ ရက်က ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ်။  

ထရမ့်က ရောဂါကင်းသွားပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းကြောင်း အော်လန်ဒိုအနီး ဆန်းဖို့ဒ်မြို့က လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ 

“ကျွန်တော့်အနေနဲ့ စွမ်းအားတွေပြည့်နေတယ်လို့ ခံစားရတယ်။ ပရိသတ်တွေအားလုံးကို အနမ်းပေးချင်ပါတယ်။ အမျိုးသားတွေရော မိန်းမလှတွေကိုရော အားလုံးကို အားရပါးရ အနမ်းပေးချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ 

လာမယ့်လေးရက်အတွင်း ထရမ့်သွားရောက်မယ့် ပြည်နယ်လေးခုအနက် ပထမဆုံးဖြစ်တဲ့ ဖလော်ရီဒါကို ထွက်သွားစဉ်မှာပဲ ထရမ့်ဟာ ကိုဗစ်ရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်း သူ့ရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။ 

ထရမ့်ရဲ့ ရောဂါအခြေအနေကို အမြန်စမ်းသပ်ကိရိယာနဲ့စမ်းသပ်ပြီး တခြားလက္ခဏာတွေကိုပါ ထည့်သွင်းစဉ်းစားပြီးတဲ့နောက်  ရောဂါမရှိတော့တဲ့အကြောင်း သူ့ရဲ့ ဆရာဝန်ရှောင်ကွန်လေက ပြောခဲ့တာဖြစ်ပါတယ်။  

သာမန်အားဖြင့် PCR စက်နဲ့ စမ်းသပ်ပြီးမှသာ လူနာတွေကို ရောဂါကင်းစင်ကြောင်း သတ်မှတ်ကြတာဖြစ်ပါတယ်။ ထရမ့်ရဲ့ဆရာဝန်တွေက ဆေးစစ်ချက်တွေကို ခြယ်လှယ်နေတာဖြစ်ပြီး လိုချင်တဲ့အဖြေမရလောက်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက လူမှုမီဒီယာတွေပေါ်မှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ 

ထရမ့်ဟာ ဒီသီတင်းပတ်အတွင်းမှာ ပင်ဆယ်ဗေးနီးယား၊  အိုင်အိုဝါနဲ့မြောက်ကယ်လိုလိုင်းနားပြည်နယ်ဆီသွားပြီး မဲဆွယ်စည်းရုံးပွဲတွေ ပြုလုပ်ဦးမှာဖြစ်ပါတယ်။  

Real Clear Politics ရဲ့စစ်တမ်းအရ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကတော့ အိုင်အိုဝါနဲ့ မြောက်ကယ်ရိုးလိုင်းနားပြည်နယ်တွေမှာ မဆိုသလောက်အသာစီးရနေပေမယ့် ဖလော်ရီဒါနဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် စစ်တမ်းတွေမှာတော့ သိသိသာသာ အသာစီးရလျက်ရှိပါတယ်။  

ဂျော်ဂျီယာပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ ကြိုတင်မဲပေးမှုတွေ စတင်ခဲ့ပြီး မဲပေးဖို့ နာရီပေါင်းများစွာကြာအောင် တန်းစီနေတဲ့ လူတန်းကြီးရဲ့ ပုံတွေ ဆိုရှယ်မီဒီယာမှာပျံ့နှံ့ခဲ့ကာ အခက်အခဲဖြစ်အောင်လုပ်တယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ 

လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်ပြည်သူ ၁၀ သန်းထက်မနည်း  မဲပေးပြီးပြီဖြစ်တယ်လို့ ရွေးကောက်ပွဲခြေရာခံအဖွဲ့တစ်ဖွဲ့က တနင်္လာနေ့နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly