ထိုင်းမှာ တော်ဝင်မိသားစုယာဉ်တန်းကိုဆန္ဒပြသူ ၂၁ ဦး ဖမ်းဆီးခံရ 

ထိုင်းမှာ တော်ဝင်မိသားစုယာဉ်တန်းကိုဆန္ဒပြသူ ၂၁ ဦး ဖမ်းဆီးခံရ 
Photo - AFP

အောက်တိုဘာ ၁၄  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်က ဆန္ဒပြသူဒါဇင်ပေါင်းများစွာဟာ ထိုင်းဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့အမှတ်အသားဖြစ်တဲ့လက်သုံးချောင်းထောင်အလေးပြုပုံစံနဲ့ တော်ဝင်မိသားစုယာဉ်တန်းကို စုဝေးဆန္ဒပြမှုအတွင်း ၂၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။  

ထိုင်းနိုင်ငံမှာ ဇူလိုင်လကတည်းက စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို နုတ်ထွက်ပေးဖို့ လူငယ်ဦးဆောင်တဲ့ဆန္ဒပြပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ 

အင်္ဂါနေ့က ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအက်ဒူယာဒက် နတ်ရွာစံတာ လေးနှစ်မြောက်အထိမ်းအမှတ်အဖြစ် တော်ဝင်မိသားစုတွေက Grand Palace မှာ လာရောက်ဂါရဝပြုစဉ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

ဘုရင် မဟာ ဝဇီရာလောင်ကွန်းလိုက်ပါလာမယ့် ယာဉ်တန်းအတွက် အာဏာပိုင်တွေက မွန်းလွဲပိုင်းမှာ လမ်းတွေကို ရှင်းထားတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူရဲတစ်ဦးက AFP ကိုပြောပါတယ်။ လမ်းမထက်မှာ နေရာယူဆန္ဒပြနေကြသူတွေကို ရဲတွေက ညှိနှိုင်းဖို့ ကြိုးစားပေမယ့် မပူးပေါင်းခဲ့ကြဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် ရဲတွေရဲ့တာဝန်တွေကို အဟန့်အတားဖြစ်စေမှုအပါအဝင် စွဲချက်များစွာနဲ့ ဆန္ဒပြသူ ၂၁ ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေက လမ်းမပေါ် ဆေးအပြာတွေ ပက်ဖျန်းခဲ့ပြီး လုံခြုံရေးရဲအချို့ကိုပါ ပေကျန်စေခဲ့ပါတယ်။ 

ရဲတွေက ဆန္ဒပြသူတွေကို တရွတ်တိုက်ဆွဲကာ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ထင်ရှားတဲ့တက်ကြွလှုပ်ရှားသူ ဂျာတူပက် ဘွန်ပက်တာရာ ဆက်ဆာက အချုပ်ခံထားရတဲ့ ကားထဲကနေ ဖေ့စ်ဘွတ်ကတစ်ဆင့် Live လွှင့်ပြီး ပြောခဲ့ပါတယ်။ 

တော်ဝင်မိသားစုယာဉ်တန်းဖြတ်သွားချိန်မှာတော့ ဆန္ဒပြသူတွေက Hunger Games ဇာတ်ကားထဲကလို လက်သုံးချောင်းထောင်အလေးပြုပုံစံနဲ့ဆန္ဒပြခဲ့ကြပါတယ်။  

ဇူလိုင်လကတည်းက ဆန္ဒပြကျောင်းသားခေါင်းဆောင် နှစ်ဒါဇင်ထက်မနည်းဟာ ဆူပူအုံကြွအောင်လှုံ့ဆော်မှုစွဲချက်နဲ့ အဖမ်းခံခဲ့ကြရပြီး အာမခံတွေနဲ့ ပြန်လွတ်ခဲ့ကြပါတယ်။ 

စစ်အာဏာရှင်အစိုးရကို အဆုံးသတ်စေခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု ၄၇ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဟူးနေ့မှာလည်း ဒီမိုကရေစီအထိမ်းအမှတ်အဆောက်အအုံမှာ လူထောင်ပေါင်းများစွာ စုဝေးမယ်လို့ ခန့်မှန်းရပါတယ်။အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် ရဲတပ်ဖွဲ့ ၁၄ ၀၀၀ လောက်ကို တပ်ဖြန့်သွားမှာဖြစ်တယ်လို့ ဘန်ကောက်ရဲဌာနက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly