မတူကွဲပြားမျိုးနွယ်များ၏ ပြဿနာကို ဖြေရှင်းနိုင်ရန်  ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရခြင်းဖြစ်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီဆို

မတူကွဲပြားမျိုးနွယ်များ၏ ပြဿနာကို ဖြေရှင်းနိုင်ရန်  ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရခြင်းဖြစ်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီဆို
ာတ်ပုံ - မဆောင်းနှင်းဝေ(သံတွဲမြို့နယ်အတွင်း ကမန်အမျိုးသားတိုးတက်ရေးပါတီဆောင်ဘိုးတင်စဉ်)

အောက်တိုဘာ ၁၃ရက်

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ရခိုင်ပြည်နယ်အတွင်းက မတူကွဲပြားမျိုးနွယ်စုများ၏ ပြဿနာကို သဟဇတဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြေရှင်းနိုင်ရန်အတွက် ဖြစ်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

 “ကမန်အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်က သော်လည်းကောင်း အနိုင်ရခဲ့လို့ရှိရင် ရခိုင်ပြည်နယ်မှာ ကြုံတေ့ွနေရတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းလိုစိတ်၊ ဆောင်ရွက်လိုစိတ် ကျနော်တို့ ကမန်မှာလည်း တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်ရဲ့ အကျပ်အတည်းကို ပါဝင်ပူးပေါင်းဖြေရှင်းရမယ် ဆိုတဲ့ အသိနဲ့ ဒေသခံတွေက တာဝန်ပေးလာလို့ အောင်နိုင်မှုမျိုးသာရှိမယ်ဆိုရင် ဒီတာဝန်ကို ထမ်းဆောင်သွား မယ်ဆိုပြီး ရွေးကောက်ပွဲ ဝင်ရောက်ခြင်းဖြစ်ပါတယ်။”ဟု ဦးတင်လှိုင်ဝင်းက ပြောသည်။

လက်ရှိတွင် ပါတီအနေဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နေရာနှင့် ပြည်သူ့ လွှတ်တော်တစ်နေရာ အပြင် ရန်ကုန်တိုင်းဒေသကြီးတွင် တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ မရမ်းကုန်းမြို့နယ်နှင့်  မင်္ဂလာတောင်ညွန့်မြို့နယ်မှ မဲဆန္ဒနယ် အမှတ် (၁) တို့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်နေရာစီဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင် ငွေကြေးအခက်ခဲအရ မဲဆန္ဒနယ်လျှော့ချခဲ့ရ ကြောင်း ဆိုသည်။

ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် သံတွဲမြို့နယ်တွင် ကမန်တိုင်းရင်းသား တစ်သောင်း ကျော်ရှိပြီး ကမန်လူမျိုး များအနေဖြင့် ပါတီအားမဲပေးမည်ဆိုပါက အနိုင်ရရှိနိုင်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

ပြီးခဲ့သည် ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရာတွင်လည်း သံတွဲမြို့နယ်မှ ကမန်ကျောင်းသားများအား “ဘင်္ဂလီ”ကျောင်းသားများဟုဆိုကာ ပညာရေးဌာနမှ စာရင်းထုတ်ပြန်ပြီး သီးခြားစာမေးပွဲဖြေဆိုခိုင်းခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း ကမန်လူမျိုးများက ပြောသည်။

ထိုသို့ ခွဲခြားဆက်ဆံမှုမျိုးမရှိစေချင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး၊မီးလင်းရေးတို့တွင်လည်း  တန်းတူညီမျှဖြစ်စေချင်ကြောင်း ကမန်အမျိုးသားပါတီအား ဝန်းရံထောက်ခံသူ မဆောင်းနှင်းဝေက ဆိုသည်။

 “ကိုယ့်ရဲ့ တိုင်းရင်းသားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တန်းတူရရှိချင်တယ်။ မီးလင်းရေး၊ လမ်းပမ်းဆက်သွယ်ရေးတို့ဆိုရင်လည်း တခြား ရခိုင်ရွာတွေနဲ့စာရင် ရရှိမှုက အရမ်းကွာဟချက်တွေ ရှိတယ်။ အဲလိုမျိုးတွေ ရရှိစေချင်တယ်။ တိုင်းရင်းသားမျိုးနွယ်စုနဲ့ ကိုးကွယ်တဲ့ ဘာသာကိုတော့ ကွဲကွဲပြားပြားသိစေ ချင်တယ်။ အစ္စလာမ်ဘာသာကို ကိုးကွယ်လိုက်တာနဲ့ အကုန်လုံး ဘင်္ဂလီလို့ပဲ ခေါင်းစဉ်တပ်လိုက်ကြတယ်။ ကျမတို့ သံတွဲမှာဖြစ်သွားတာက တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ဘင်္ဂလီကျောင်းသားများ စာရင်း ဆိုပြီးတော့ တစ်ခန်းတည်းထားတာလေ။ အဲလိုမျိုးလုပ်ခဲ့တာ။ ကုန်ခဲ့တဲ့နှစ်ကပေါ့။ အဲလိုပုံစံမျိုးဖြစ်မနေစေချင် ဘူး။ ဘယ်ဘာသာပဲ ကိုးကွယ်၊ ဘယ်လူမျိုးပဲဖြစ်ပါစေ။ တတန်းထဲတပြေးညီသွားစေချင်တယ်ပေါ့။”ဟု ယင်းပါတီအား ဝန်းရံထောက်ခံသည့် သံတွဲမြို့နယ်၊ ကျောင်းတိုက်ကျေးရွာမှ မဆောင်းနှင်းဝေက ပြောသည်။

ကမန်လူမျိုးများသည် အစ္စလာမ်ဘာသာအား ကိုးကွယ်ကြသော်လည်း ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသား လူမျိုးစုတစ်ခုလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်တို့တွင် အများစုနေထိုင်ကြပြီး တချို့မှာ ၂၀၁၂ ခုနှစ် အရေးအခင်းနောက်ပိုင်းတွင် ရမ်းဗြဲမြို့နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required