ကာဂျစ္စတန်မှာ ဝန်ကြီးချုပ်ရာထူးအတွက် ပါတီတွေအလုအယက်ကြိုးပမ်းစဉ် နိုင်ငံရေးမငြိမ်မသက်ဖြစ်

ကာဂျစ္စတန်မှာ ဝန်ကြီးချုပ်ရာထူးအတွက် ပါတီတွေအလုအယက်ကြိုးပမ်းစဉ် နိုင်ငံရေးမငြိမ်မသက်ဖြစ်
Photo - AFP

အောက်တိုဘာ ၈ 

ဗဟိုအာရှနိုင်ငံကာဂျစ္စတန်မှာ ရုရှားထောက်ခံသူ သမ္မတ ဆူရွန်ဘိုင် ဂျင်ဘီကော့ဗ်က ရွေးကောက်ပွဲအလွန် ပရမ်းပတာအခြေအနေတွေကို မထိန်းချုပ်နိုင်ဘဲ ပြိုင်ဘက်အုပ်စုနှစ်စုက အစိုးရဖွဲ့စည်းမယ့်အခွင့်အရေးကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ 

ကာဂျစ္စတန်ဝန်ကြီးချုပ်အဖြစ် ကိုယ့်ကိုယ်ကို ကြေညာခဲ့တဲ့ ဆာဒီဂျာပါရော့ဗ်ကို ထောက်ခံသူနဲ့ ဝေဖန်သူတွေဟာ အောက်တိုဘာ ၇ ရက်က အစိုးရအအောက်အအုံရှေ့မှာ စုဝေးနေခဲ့ကြပြီး ဂျာပါရော့ဗ်ထောက်ခံသူတွေက အထဲဝင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

အဆောက်အအုံထဲမှာတော့ အတိုက်အခံပါတီတွေက ပါလီမန်ရွေးကောက်ပွဲမတိုင်ခင် တိုင်းပြည်ကို အုပ်ချုပ်မယ့် ယာယီအစိုးရဖွဲ့စည်းဖို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ ဂျင်ဘီကော့ဗ်ကိုထောက်ခံသူတွေ အနိုင်ရရှိခဲ့မှုကြောင့် နိုင်ငံတွင်း မငြိမ်မသက်မှုတွေဖြစ်လာခဲ့ပြီး ဒီရွေးကောက်ပွဲဟာ မဲဝယ်တဲ့ မသမာမှုတွေရှိခဲ့တယ်လို့ အတိုက်အခံအဖွဲ့နဲ့ စောင့်ကြည့်သူတွေက ပြောပါတယ်။ 

အာဏာပိုင်တွေက ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီးဖြစ်ပေမယ့်လည်း ဆန္ဒပြသူတွေက မကျေနပ်နိုင်ဘဲ တနင်္လာနေ့က ဘစ်ရှ်ကက်မြို့မှာ အတိုက်အခံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။ 

လွတ်မြောက်လာသူတွေထဲမှာ လူထုကိုယ်စားပြုအမျိုးသားရေးဝါဒီ ဆာဒီဂျာပါရော့ဗ်လည်းပါဝင်ပြီး  လွတ်မြောက်ပြီး ၂၄ နာရီမပြည့်မီမှာပင် သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့ပါတယ်။ 

ဆန္ဒပြမှုအတွင်း ပါလီမန်အဆောက်အအုံကို စီးနင်းပြီးနောက် ဟိုတယ်တစ်ခုတွင်ကျင်းပတဲ့ အထူးအစည်းဝေးပွဲမှာ ဆာဒီဂျာပါရော့ဗ်ကို ယာယီဝန်ကြီးချုပ်အဖြစ် ကြေညာခဲ့တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေပြုအမတ်တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝန်ကြီးချုပ် ကူဘာဘတ်ဘိုရိုနော့ဗ် နုတ်ထွက်ပြီးနောက် သမ္မတ ဂျင်ဘီကော့ဗ်က ဝန်ကြီးချုပ်အသစ်ခန့်အပ်မှုကို အတည်ပြုဖို့ အစီအစဉ်ရှိ/ မရှိကို အတိအကျမသိရသေးပါ။

အခြေအနေတွေ တည်ငြိမ်ဖို့အတွက် သမ္မတ ဂျင်ဘီကော့ဗ်အနေနဲ့ နုတ်ထွက်သင့်တယ်လို့ ဂျာပါရော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ဂျာပါရော့ဗ်က ဝန်ကြီးချုပ်ရုံးခန်းမှာ တန်ပြန်တော်လှန်ရေးအတွက် အတိုက်အခံပါတီတွေတွေ့ဆုံခဲ့ပြီး အခြေအနေ အရှိန်မြင့်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ 

အင်္ဂါနေ့က ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ခဲ့ပေမယ့် ဆူပူမှုတွေကို မထိန်းချုပ်နိုင်ခဲ့ဘဲ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly