ဂျာမနီ-ဆွစ်ဇာလန် နယ်စပ်မှာ နှာခေါင်းစည်းဆန့်ကျင်သူ ထောင်နဲ့ချီတို့ လူသားကွင်းဆက်ပုံစံ ဖော်ပြီး ဆန္ဒပြ

ဂျာမနီ-ဆွစ်ဇာလန် နယ်စပ်မှာ နှာခေါင်းစည်းဆန့်ကျင်သူ ထောင်နဲ့ချီတို့ လူသားကွင်းဆက်ပုံစံ ဖော်ပြီး ဆန္ဒပြ
Photo - AFP

အောက်တိုဘာ ၄

ကိုဗစ်-၁၉ တိုက်ဖျက်ဖို့ ပြဋ္ဌာန်းတဲ့ ဂျာမနီအစိုးရရဲ့ ကျန်းမာရေး ပိတ်ပင်ကန့်သတ်ချက်စည်းမျဉ်းတွေအပေါ် ဆန့်ကျင်သူ ထောင်နဲ့ချီတို့ဟာ အောက်တိုဘာ ၃ ရက်က ဂျာမန်-ဆွစ်ဇာလန်နယ်စပ်ရှိ ကွန်စတန့် ရေကန် ကမ်းစပ်တွေမှာ လူသားကွင်းဆက် ပုံစံ ဖော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မတော်တဆမှုတွေ ရှိလာမှာကို စိုးရိမ်ပူပန်ရတဲ့အတွက် ရဲအစောင့်အကြပ်တွေ ထူထူထဲထဲ ချထားခဲ့တဲ့ကြားမှာ ခုလို ဆန္ဒထုတ်ဖော်ပွဲ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်းပဲ နှာခေါင်းစည်း တပ်ရေးစည်းမျဉ်းတွေကို ထောက်ခံလိုလားသူ ဆန္ဒပြသူတွေဟာလည်း တန်ပြန်ချီတက်ပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

“ဗိုင်းရပ်စ်က အဲဒီလောက်ကြီး အန္တရာယ်မရှိဘူးလို့ ကျွန်မ အခိုင်အမာ ယုံကြည်တယ်” လို့ နှာခေါင်းစည်း ဆန့်ကျင် ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အက်စ်တာက ပြောပါတယ်။

“နိုး၊ ဒါက ဘာကိုမှ ပြောင်းလဲမသွားစေပါဘူး၊ သမ္မတ ဒေါ်နယ်ထရမ့် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်၊ သူ့မှာ မပြင်းထန်တဲ့ လက္ခဏာတွေပဲ ရှိတယ်လို့ ကျွန်တော် သတင်းထဲမှာ ဖတ်ခဲ့ရတယ်၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ် မရှိဘူးလို့ ဘယ်သူကမှ ပြောမနေပါဘူး၊ အခြား ဗိုင်းရပ်စ်တွေလည်း ကြာမြင့်တဲ့ အချိန်တစ်ခုထိ ရှိနေခဲ့တယ်လေ၊ ဒီတော့ တကယ်ဆိုရင် အမေရိကန်သမ္မတ ဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတာလဲ ဖြစ်တတ်တဲ့ အကြောင်းတစ်ခုပဲလေ” လို့ အန်ဒရေယက်စ် ဖရိုင်စီ အမည်ရ နှာခေါင်းစည်းဆန့်ကျင်ဆန္ဒပြသူတစ်ဦးက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ပတ်သက်လို့ ပြောသွားခဲ့ပါတယ်။

“ ပြည်သူတွေ ခုထက် ပိုပြီး မျက်စိပွင့် နားပွင့် ဗဟုသုတတွေ ရှိနေဖို့ လိုပါတယ်၊ ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့လည်း ပိုပြီး စိုးရိမ်ပူပန်ဖို့ လိုပါတယ်၊ ကျွန်မတို့ဟာ ပတ်ဝန်းကျင်ကို ဒီလောက်အထိ ကြောက်လန့်တာမျိုး ဖြစ်ရမှာမဟုတ်ပါဘူး၊ ဗိုင်းရပ်စ်တွေ ၊ ဘတ်တီးရီးယားတွေဆိုတာ ဒါရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” လို့ နှာခေါင်းစည်း ဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အယ်လာက ပြောသွားပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လေ၊ အဲဒါ တကယ် အန္တရာယ်ရှိတယ်၊ တကယ်ဆိုရင် အဲဒါက အဓိကအနေနဲ့ လူငယ်တွေမဟုတ်ဘဲ အသက်ကြီးတဲ့လူတွေကို သေဆုံးစေပါတယ်၊ ဒါပေမယ့် ခင်ဗျားအနေနဲ့ နှာခေါင်းစည်းတစ်ခု မတပ်တဲ့ အချိန်မှာ သေသွားနိုင်တယ်၊ ဒါက ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ချ်ပါပဲ” လို့ နှာခေါင်းစည်း တပ်ရေး ထောက်ခံဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါး ဖူးဘာ့တ်က ပြောပါတယ်။

“လွတ်လပ်မှု ဆိုတာ ပျော်ရွှင်မှုပဓာနဝါဒ မဟုတ်ဘူးလေ၊ လွတ်လပ်မှု ဆိုတာ အခြားသူတွေ ထိတ်လန့်စိုးရိမ်တာတွေကို လက်ခံပေးတာ ဖြစ်တယ်၊ ဒီတော့ ဒီ အကြောင်းရင်းအတွက်နဲ့ပဲ ကျွန်တော်အနေနဲ့ ကြောက်နေကြတဲ့သူတွေနဲ့  အန္တရာယ်အောက်မှာ ရှိနေသူတွေအတွက် အလေးထားမှုတစ်ရပ်ကို ထုတ်ဖော်ပြသချင်ပါတယ်” လို့ ဖူးဘာ့တ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required