တရုတ်ရဲ့ ဘာသာစကားပေါ်လစီကို ဝေဖန်လို့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေး မွန်ဂိုလီးယားမှာ ဆန္ဒပြ

တရုတ်ရဲ့ ဘာသာစကားပေါ်လစီကို ဝေဖန်လို့ ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေး မွန်ဂိုလီးယားမှာ ဆန္ဒပြ
Photo - AFP

အောက်တိုဘာ ၄

အငြင်းပွားဖွယ် ဘာသာစကားပေါ်လစီတစ်ရပ်ကို ဝေဖန်တာကြောင့် တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသားမွန်ဂိုလီးယားတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူ ဒါဇင်များစွာဟာ မွန်ဂိုလီးယားမြို့တော်မှာ စုရုံးဆန္ဒပြ တောင်းဆိုကြ ပါတယ်။

မြို့တော် ဥလန်ဘာတောဆီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို လာရောက်ဖို့ ရှိတဲ့ ရက်ပိုင်းအလို ကြာသပတေးနေ့မှာ အခုလို တရုတ်ကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မွန်ဂိုလီးယားရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားပြည်နယ်မှာ စာသင်ကျောင်းတွေအနေနဲ့ နိုင်ငံရေး၊ သမိုင်းနဲ့ စာပေဘာသာရပ်တွေကို ဌာနေဘာသာစကားထက် မန်ဒရင်းတရုတ်ဘာသာစကားနဲ့ သင်ကြား ရမယ်ဆိုတဲ့ ပေါ်လစီတစ်ရပ်ကြောင့် ဆန္ဒပြမှုတွေနဲ့ စာသင်ကျောင်းသပိတ်မှောက်တာတွေ သီတင်းပတ်အတန်ကြာ ဖြစ်ပွားပေါ်ပေါက်ထားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဂျပန်၊ တောင်ကိုရီးယားအပါအဝင် လာမယ့် သီတင်းပတ် အာရှခရီးစဉ်ထွက်ရာမှာ ဥလန်ဘာတောဆီ လာရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပွန်ပီယိုအနေနဲ့ အခု အာရှခရီးစဉ်မှာ တရုတ်နိုင်ငံကို ဖယ်ချန်ထားမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ တပ်ဆင်ထားတဲ့ ဆန္ဒပြသူအချို့ဟာ မွန်ဂိုလီးယား ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး တိုင်းရင်းသား မွန်ဂိုလီးယားတွေအပေါ် တရုတ်ရဲ့ ရက်စက်တာတွေကို သရုပ် ဖော်ထားတဲ့ ပုံတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။

တရုတ်ဟာ ဌာနေလူနည်းစုတွေကို အင်အားကြီးစိုးထားတဲ့ ဟန်လူဦးရေထဲ သွတ်သင်းဖို့ နိုင်ထက်စီးနင်း လုပ်ဆောင်နေတယ်ဆိုပြီး ပွန်ပီယိုက အရင်က ဝေဖန်ထားဖူးပါတယ်။

စာသင်ကျောင်းတွေမှာ မွန်ဂိုလီးယားဘာသာစကားကို ကန့်သတ်တဲ့ အခု လုပ်ဆောင်ချက်ဟာ မွန်ဂိုဘာသာစကား ကွယ်ပျောက်သွားလိမ့်မယ်ဆိုပြီး တရုတ်နဲ့ အခြားဒေသတွေမှာ ရှိကြတဲ့ မွန်ဂိုလီးယားတိုင်းရင်းသားတွေက စိုးရိမ်ပူပန်ကြ ပါတယ်။

ပြီးခဲ့တဲ့လက မွန်ဂိုလီးယားဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီ လာရောက်လည်ပတ်ချိန်မှာ ဆန္ဒပြတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

“အတွင်းမွန်ဂိုလီးယား ဒေသခံတွေကို တရုတ်အနေနဲ့ ပြန်လွှတ်ဖို့ကို ဝန်ယီရဲ့ ခရီးစဉ်မှာ မွန်ဂိုလီးယားခေါင်းဆောင်တွေအနေနဲ့ ပြောဆိုပေးသင့်တယ်။”လို့ ဆန္ဒပြသူ အဲလ်ဘတ်တောဂျ်က ပြောပါတယ်။

ပြီးခဲ့တဲ့လ အတွင်းမွန်ဂိုလီးယားက စုရုံးဆန္ဒပြမှုတွေဟာ ဆယ်စုနှစ်များစွာမှာ အကြီးမားဆုံး ဖြစ်ခဲ့ပေမယ့် ဧရိယာအချို့မှာ စာသင်ကျောင်းတွေကို သံချပ်ကာယာဉ်တွေနဲ့ ဝိုင်းရံပြီး အမြန်အဆန် ဖြိုခွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆန္ဒပြခေါင်းဆောင်တွေကို သတင်းပေးတာအတွက် ဆုကြေးငွေ ထုတ်ထားပြီး WeChat ကနေ ဆန္ဒပြဖို့ စုရုံးတာတွေနဲ့ သဘောထားကွဲလွဲတာတွေ ဖြန့်တဲ့ သံသယရှိသူ ဒါဇင်များစွာကို ဖမ်းဆီးထားကြောင်းလည်း လူသိ ရှင်ကြား ကြေညာခဲ့ပါတယ်။

ခုလို ဖြိုခွင်းတာဟာ ရှင်ကျန်းဒေသနဲ့ တိဘတ်မှာ တရုတ်ရဲ့ ပြုမှုလုပ်ကိုင်ပုံတွေနဲ့ တစ်ထေရာတည်းပဲ ဖြစ်ပါတယ်။ အဲဒီ ဒေသတွေမှာ ဌာနေလူနည်းစုတွေကို ဟန်လူဦးရေထဲ သွတ်သင်းတဲ့ အလားတူပေါ်လစီတွေကို ကျင့်သုံးနေတာ ဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်ရဲ့ ယဉ်ကျေးမှု တစ်သားတည်း ရှိခြင်းကနေ အမျိုးသားရေးနဲ့ အယူဝါဒ စည်းလုံးညီညွတ်စေမှု အယူအဆကို ဖော်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

“ဒေသိယသုံး ဘာသာစကားနဲ့ ပညာသင်ကြားနိုင်တာဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတစ်ရပ်ပဲ ဖြစ်တယ်။”လို့ ဆန္ဒပြပွဲ ကျင်းပသူ ဇိုဇာယာက ပြောပါတယ်။

“တရုတ်ဟာ ဒီ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly