ဂျီဟက်စစ်သွေးကြွတပ်ဖြန့်မှုအပေါ် ပြင်သစ်သမ္မတရှုတ်ချနေစဉ်မှာပဲ အာမေးနီးယားနဲ့အဇာဘိုင်ဂျန် တိုက်ပွဲအရှိန်ပြင်း

ဂျီဟက်စစ်သွေးကြွတပ်ဖြန့်မှုအပေါ် ပြင်သစ်သမ္မတရှုတ်ချနေစဉ်မှာပဲ အာမေးနီးယားနဲ့အဇာဘိုင်ဂျန် တိုက်ပွဲအရှိန်ပြင်း
Photo - AFP

အောက်တိုဘာ ၂  

အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတွေမှာ အဇာဘိုင်ဂျန်စစ်သားတွေ သိမ်းပိုက်ခဲ့တဲ့ ခွဲထွက်အဖွဲ့ရဲ့ ပျက်စီးနေတဲ့ တပ်စခန်းနေရာအနေအထားတွေကို ရိုက်ပြခဲ့ပါတယ်။  

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က နာဂေါ်နိုကာရာဘက်ခ်ဒေသမှာ ဂျီဟက်စစ်သွေးကြွတွေ တပ်ဖြန့်ထားတာဟာ ဆိုးရွားတဲ့တပ်ဖြန့်မှုအသစ် ဖြစ်တယ်လို့ ပြောနေစဉ်မှာပဲ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ ကြာသပတေးနေ့က တိုက်ပွဲအရှိန်တွေ မြှင့်ခဲ့ပါတယ်။  

အငြင်းပွားဖွယ် နာဂေါ်နိုကာရာဘက်ခ်ဒေသနဲ့ပတ်သက်ပြီး  ရက်ပေါင်းများစွာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၃၀ ထက်မနည်းသေဆုံးထားပါတယ်။ အနောက်နိုင်ငံတွေနဲ့ ရုရှားတို့ကလည်း တိုက်ပွဲရပ်တန့်ဖို့ ထပ်တလဲလဲ တောင်းဆိုနေကြပါတယ်။  

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ရဲ့ ပူးတွဲမေတ္တာရပ်ခံချက်မှာ ကာလကြာပြီဖြစ်တဲ့ နယ်မြေပိုက်နက်အငြင်းပွားမှုကို ဖြေရှင်းဖို့ရည်ရွယ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဘက်လှည့်ဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပါတယ်။  

တူရကီကနေဖြတ်လာတဲ့ ဆီးရီးယား ဂျီဟက်စစ်သွေးကြွတွေက ကာရာဘက်ခ်ဒေသတိုက်ပွဲမှာ ပူပေါင်းခဲ့တာနဲ့ပတ်သက်ပြီး ခုလိုတပ်ဖြန့်ထားမှုဟာ ဆိုးရွားတဲ့အချက်သစ်ဖြစ်ပြီး အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်လို့ မက်ခရွန်က ပြောဆိုခဲ့ပါတယ်။  

အာမေးနီးယား ဝန်ကြီးချုပ် နီကောပါရှင်ယန်နဲ့ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်တို့ကတော့ ဆွေးနွေးပွဲကျင်းပမယ့်စိတ်ကူးကို ငြင်းပယ်ထားကြပါတယ်။  

ရှေ့တန်းစစ်မျက်နှာနဲ့ ၂၅ ကီလိုမီတာ (မိုင် ၁၅.၅) မိုင်ခန့်ကွာဝေးတဲ့ မာတူနီ မြို့ငယ်လေးမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ အကြီးအကျယ်ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ အိမ်တွေအောက်မှာရှိတဲ့ မြေတိုက်ခန်းတွေထဲ ဝင်နေကြရပါတယ်။ 

မြေတိုက်ခန်းမှာ အိမ်နီးချင်းနဲ့အတူ ပုန်းအောင်းနေတဲ့ ဆောက်လုပ်ရေးလုပ်သားဖြစ်သူ အသက် ၅၄ နှစ်အရွယ် အာတက်ခ် အာလိုယန်က ကာရာဘက်ခ်ဒေသမှာ အဆိုးရွားဆုံးတိုက်ပွဲတွေ နှစ်ပေါင်းများစွာဖြစ်နေပေမယ့် ဆက်နေသွားဖို့ သန္နိဋ္ဌာန်ပြုထားသူဖြစ်ပါတယ်။ 

“ဒီအိမ်ကို ကျွန်တော့်လက်နဲ့ ကိုယ်တိုင်ဆောက်ထားတာပါ။ ဘယ်နေရာကိုမှ သွားမှာမဟုတ်ပါဘူး။ နောက်ဆုံးတိုက်ပွဲချိန်အထိ ဒီမှာပဲ ခေါင်းချသွားမှာပါ” လို့ ပြောပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly