ထိုင်းမှာ တရုတ်ကို ဆန့်ကျင်ပြီး သံရုံးနား ဆန္ဒပြ 

ထိုင်းမှာ တရုတ်ကို ဆန့်ကျင်ပြီး သံရုံးနား ဆန္ဒပြ 
Photo - AFP

အောက်တိုဘာ ၂
 
တရုတ်အမျိုးသားနေ့ ကျရောက်တဲ့ အောက်တိုဘာ ၁ ရက်နေ့က ထိုင်းနိုင်ငံမှာ ဆန္ဒပြအုပ်စုငယ် တစ်စုဟာ တရုတ်သံရုံး အပြင်ဖက် ပလက်ဖောင်းပေါ် တရုတ်ကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြကြပါတယ်။ 

တရုတ်ရဲ့ ဝီဂါမွတ်စလင်တွေအပေါ် ပြုမူဆက်ဆံပုံနဲ့ ထိုင်ဝမ်နဲ့ တိဘက်တို့နဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေက စိတ်ဆိုးဒေါသ ထွက်ကြတာဖြစ်ပါတယ်။ 

အခု ဆန္ဒပြလှုပ်ရှားမှုဟာ Milk Tea Alliance နို့လက်ဖက်ရည်မဟာမိတ်လို့ ခေါ်တဲ့ လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒီ လှုပ်ရှားမှုဟာ ထိုင်း၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ နို့လက်ဖက်ရည်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်ကြတာကို အစွဲပြုပြီး နာမည်ပေးထားတဲ့ လှုပ်ရှားမှုပါပဲ။ 

ဒီ ဒေသသုံးခုက တက်ကြွလှုပ်ရှားသူတွေဟာ တရုတ်ရဲ့ အာဏာရှင်ဝါဒအပေါ် ဝေဖန်တဲ့ အွန်လိုင်းလှုပ်ရှားမှု အများအပြားကို မကြာသေးတဲ့ အချိန်တွေတုန်းကလည်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

“တရုတ်အစိုးရဟာ ရက်စက်ကြမ်းကြုတ်တဲ့ အမှုတွေကို ကျူးလွန်နေတယ်။ သူတို့ဟာ လူတွေ အများကြီးအပေါ် အတော်လေးကို ရက်ရက်စက်စက် ပြုကျင့်နေတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်၊ တိဘက်၊ ဝီဂါက လူတွေဟာ တရုတ်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်တာကို ခံနေရတယ်။ သူတို့တွေဟာ နာကျင်အောင် လုပ်နေတုန်း၊ အနိုင်ကျင့် စော်ကားနေတုန်း၊ နှိပ်စက်ညှင်းပန်း အကြမ်းဖက်နေကြတုန်းပဲ။ သူတို့ဟာ စာနာစိတ်မဲ့စွာ တော်တော်များများကို ကျူးလွန်နေတာ ဖြစ်တယ်။”လို့ ဆန္ဒပြပွဲစီစဉ်တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဖြစ်သူ နာပတ်ဆွမ်က ပြောပါတယ်။ 

“ဝီဂါ လူဦးရေ လျှော့ကျအောင် ပညာပေးစခန်းတွေဆီ အပို့ခံရတယ်။ ဝီဂါတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို စော်ကားနေတယ်။ အကြမ်းဖက်နေတယ်။ ပြန်လည်ပညာပေးစခန်းတွေမှာ ထားတယ်။ ပြီးတော့ ကိုယ်ဝန်ဖျက်ချတာတွေလည်း ကျူးလွန်တယ်။”လို့ သူက ပြောပါတယ်။ 

“Milk Tea မဟာမိတ်တွေရဲ့ စိတ်ဓာတ်နဲ့အတူ ကျွန်မတို့ဟာ ဟောင်ကောင်၊ ထိုင်ဝမ်၊ တိဘက်နဲ့ ဝီဂါက ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရှိတယ်။ ရှီကျင့်ဖျင်ရဲ့ ဖိနှိပ်မှုကို ခံစားနေရတဲ့ ဘယ်သူမဆိုနဲ့အတူ ကျွန်မတို့ အတူရှိနေတယ်။”ဆိုပြီး နာပတ်ဆွမ်က ပြောပါတယ်။ 

“အဲဒီက ပြည်သူတွေဟာ ကျွန်မတို့လိုမျိုး လွတ်လပ်ဖို့အတွက် တိုက်ပွဲဝင်နေရတယ်။ တရုတ်အစိုးရရဲ့ စနစ်တကျ လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်တာတွေနဲ့ လူမပီသတာတွေ အားလုံးကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly