၂၀၂၀ ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှုစတင်

၂၀၂၀ ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးမှုစတင်
Photo - Min Kyi Thein ( Fb)

အောက်တိုဘာ ၁

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသည့် စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းမှစတင်ကာ ကြိုတင်မဲများ လာရောက် ပေးနေကြပြီဖြစ်ကြောင်း အဆိုပါသံရုံးမှ သိရသည်။

စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၈ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅နာရီခွဲအတွင်း ကြိုတင်မဲပေးနိုင်မည် ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်ကာလဖြစ်သဖြင့် ထုတ်ပေးထားသည့် နံပါတ်စဉ်အလိုက် မဲပေးကြရမည် ဖြစ်သည်။ 

ကြိုတင်မဲ စတင်ပေးနိုင်သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် မဲပေးရန်အတွက် လူဦးရေ၈၀၀ခန့် စာရင်းပေးထားပြီး ဒေသစံတော်ချိန် ၁၁ နာရီခန့်အထိ လူဦးရေ ၃၀၀ခန့်လာရောက် မဲပေးခဲ့ပြီ ဖြစ်ကြောင်း  မြန်မာသံရုံးတွင် လုပ်အားပေးနေသည့် ကိုမြတ်မင်းစိုးက ပြောသည်။ 

“၂၀၁၅ တုန်းက မဲပေးတဲ့အခါကျတော့ ဒီလိုမျိုး ရက်ချိန်းယူတာတို့ မရှိဘူး။ ကျွန်တော်တို့ ဒီလိုပဲ တန်းစီတဲ့အခါကျတော့ ဟိုးအဝေးကြီးပေါ့ မီတာ တစ်ထောင်ကျော်လောက်အထိ သွားပြီးတန်းစီရတယ်။ အခုကျတော့ ကိုဗစ်ကာလမို့လည်း ပါတယ်။ ရက်ချိန်းကိုခွဲပြီး အချိန်နဲ့ ပေးတဲ့အခါကျတော့ သူ့အချိန်တိုင်းသာလာရင် တကယ်တန်းစောင့်ရတဲ့ဟာက ခန့်မှန်းခြေ ၁၅ မိနစ်ကနေ နာရီဝက်အတွင်းပဲ ကြာတယ်။” လို့ ပြောပါတယ်။ 

ကြိုတင်မဲလာပေးတဲ့သူတွေကို ကိုယ်အပူချိန်တိုင်းတာတွေ၊ လက်ဆေးဖို့အတွက် လက်ဆေးရည်တွေ ပြုလုပ်စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။ 

 “မနှစ်ကလည်း ဒီမှာပေးပါတယ်။ အခုကတော့ စီစဉ်တာတွေ အရမ်းကောင်းတယ်။ အရမ်းမြန်တယ်။ မဲပေးရမယ့် ကောင်တာတွေလဲ များတော့ အကြာကြီးစောင့်စရာ မလိုဘူးပေါ့။ Social distancing တစ်ယောက်နဲ့တစ်ယောက် နေရမယ့်အကွာအဝေးနဲ့ မဖြစ်မနေ လုပ်သင့်ပါတယ် ရွေးကောက်ပွဲကို၊ အရေးကြီးတဲ့အချိန်ပေါ့။” လို့ မြန်မာသံရုံးတွင် ကြိုတင်မဲပေးခဲ့သည့် ဒေါ်တင်မာဝေက ပြောပါတယ်။  

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၃၀၀၀၀ကျော် ရှိပြီး လာရောက်မဲပေးသူများအတွက် ကိုယ်အပူချိန်တိုင်းခြင်း လက်ဆေးရည်များထားရှိခြင်းတို့ကို စီစဉ်ပေးထား ကြောင်း သိရသည်။ 

ဆန္ဒမဲပေးရန် ပုံစံ (၁၀၅) လျှောက်ထားခဲ့သော်လည်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွင် ပါဝင်လာခြင်း မရှိသူများအနေဖြင့် သံရုံးမှ သတ်မှတ်ထားသည့် Google Form ပါ အချက်အလက်များဖြည့်စွက်ကာ အောက်တိုဘာလ ၄ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး သံရုံးမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly