COVID-19 အမြန်စစ် စက်ကိရိယာကို ကမ္ဘာတစ်ဝန်း ရောင်းချဖို့ ရည်မှန်းနေတဲ့ တရုတ်ကုမ္ပဏီ

COVID-19 အမြန်စစ် စက်ကိရိယာကို ကမ္ဘာတစ်ဝန်း ရောင်းချဖို့ ရည်မှန်းနေတဲ့ တရုတ်ကုမ္ပဏီ

စက်တင်ဘာ ၃၀

ကိုရိုနာဗိုင်းရပ်စ်အပေါ် အနိုင်ယူဖို့ ကမ္ဘာတဝန်း ကြိုးပမ်းမှုတွေမှာ တရုတ်ကုမ္ပဏီတစ်ခုလည်း ပါဝင်နေပြီး ယခုအခါ ယင်းရဲ့ COVID-19  စမ်းသပ် စက်ကိရိယာတစ်မျိုးဟာ ရလဒ်အဖြေတွေကို ဓာတ်ခွဲခန်းထက် ပိုမိုမြန်မြန် ဆန်ဆန် ထုတ်ပေးနိုင်သလို နေအိမ် စမ်းသပ်စစ်ဆေးကိရိယာတွေထက်လည်း ပိုမို ယုံကြည်စိတ်ချရတယ်လို့ ကတိပြုသွားခဲ့ပါတယ်။

“Flash 20 စက်ဟာ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ PCR စမ်းသပ်မှုတွေအတွက် ကမ္ဘာတစ်ဝန်း အမြန်ဆန်ဆုံး စက် ဖြစ်ပါတယ်” လို့ တရုတ်ကုမ္ပဏီ Coyote ရဲ့ တည်ထောင်သူ ဆာဘရီနာ လီက ပြောပါတယ်။

PCR စမ်းသပ်မှုတွေကတော့ လုပ်ငန်းတွင်း စံနှုန်းတစ်ခု ဖြစ်သလို ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာမှာ အဓိကကျတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ တစ်သန်းကျော် ရှိနေခဲ့ပြီဖြစ်ပြီး ယင်းကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးပိုင်းမှာလည်း အားနည်းထားစေခဲ့ပြီ ဖြစ်ပါတယ်။

အစိုးရတွေအနေနဲ့ လုံလောက်ပြည့်စုံတဲ့ တုံ့ပြန်မှုစနစ်တွေ ထုတ်လုပ်ဖို့ အပြင်းအထန် ကြိုးပမ်းနေချိန်မှာ လီကတော့ ကမ္ဘာတဝန်း ရောင်းချဖို့ကို ပစ်မှတ်ထားနေပါတယ်။

တရုတ်နိုင်ငံက ဆေးရုံတွေ၊ လေဆိပ်တွေမှာ အသုံးပြုထားပြီးဖြစ်တဲ့ အဆိုပါ စက် ကိရိယာကတော့ တစ်ကြိမ်တည်းနဲ့ နမူနာလေးခုကို ခွဲခြမ်းစစ်ဆေးနိုင်ပြီး နာရီဝက်အတွင်း ရလဒ်အဖြေတွေ ထုတ်ပေးနိုင်တယ်လို့ သိရပါ တယ်။

ယင်းကိုတော့ ဥရောပသမဂ္ဂနဲ့ သြစတြေးလျက တရားဝင် ထောက်ခံချက် ပေးထားပြီးဖြစ်သလို Coyote အနေနဲ့ကတော့ အလားတူ အနေအထားကို အမေရိကန်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဆီကပါ ရဖို့ ကြိုးပမ်းနေပါတယ်။

ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုက ကပ်ရောဂါကို ထိန်းချုပ်ဖို့ အကောင်းဆုံး လက်နက်တွေအနက် တစ်ခုအဖြစ် ညွန်းဆိုထားပြီး အခြား သုတေသီတွေကလည်း အမြန်ဆန်ဆုံး နည်းလမ်းကို ရှာဖို့ စူးစမ်းလေ့လာနေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချိန် ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း ရလဒ်ထုတ်ပေးနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေး ကိရိယာပေါင်း သန်း ၁၅၀ ဖြန့်ဖြူးမယ့်အကြောင်း ကြေညာ သွားခဲ့ပါတယ်။

PCR စမ်းသပ်မှုတွေနဲ့မတူတာက ဒီ အမြန် ရောဂါစစ်ဆေးမှု ကိရိယာတွေဟာ မြန်ဆန်တဲ့ ရလဒ်တွေ ထုတ်ပေးနိုင်ပေမယ့် တိကျမှု နည်းသလို ပိုးမရှိဘူးဆိုပြီး မှားယွင်းတဲ့ အဖြေတွေ ပိုမိုထုတ်ပေးနိုင်ဖွယ် ရှိပါတယ်။

ဒါပေမယ့် Flash 20 ထုတ်လုပ်သူတွေကတော့ ပုံနှိပ်စက်တစ်လုံး အရွယ်အစားရှိ ၎င်းတို့ရဲ့ စက်ဟာ မြန်ဆန်ရုံတင်မကဘဲ အတော့်ကို ယုံကြည်စိတ်ချရတယ်လို့ ပြောပါတယ်။

အဓိကကျတဲ့ ရောဂါကူးစက်ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ ယခင်က ရှိထားခဲ့တဲ့ အတွေ့အကြုံတွေကလည်း ယခုတစ်ကြိမ်မှာ Coyote ကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် ကူညီပေးခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

၂၀၀၃-၂၀၀၄ ဆားစ်ရောဂါ ဖြစ်ပွားမှုက တရုတ်ရဲ့ ဇီဝနည်းပညာလုပ်ငန်းကို ကိုင်လှုပ်ခဲ့ပြီး ယင်းကနေတဆင့် လုပ်ငန်းရဲ့ လုပ်ကိုင်ပုံ လမ်းကြောင်းမှာ ကြီးမားတဲ့ ပြန်လည်ဖွဲ့စည်းမှုကို ဦးတည်စေခဲ့တယ်လို့ Coyote မှာ Flash 20 နဲ့ပတ်သက်လို့ အဓိက တာဝန်ယူထားတဲ့ နည်းပညာမန်နေဂျာ ဇန် ယွေဖုန်က အေအက်ဖ်ပီကို ပြောပါတယ်။

ဒါကြောင့်လည်း ယမန်နှစ်ကုန်ပိုင်းက နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု စပေါ်ခဲ့ချိန် Coyote အနေနဲ့ စက်ကို ကောင်းကောင်း ဒီဇိုင်းထုတ်နိုင်ခဲ့ပြီး ဒီထုတ်ကုန်ကို စျေးကွက်ထဲ အလွန်လျင်လျင်မြန်မြန် ရောက်စေခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီနဲ့ ဇူလိုင်လအကြားမှာ Flash 20 ကို သုံးပြီး တရုတ်အာဏာပိုင်တွေဟာ နိုင်ငံမှာ စစ်ဆေးမှုပေါင်း ငါးသိန်းလောက် လုပ်ခဲ့တယ်လို့ သိရပါတယ်။ ရလဒ်တွေဟာ ဓာတ်ခွဲခန်းတစ်ခုမှာ သမားရိုးကျ PCR စစ်ဆေးမှု ကနေ ပြန်လာတာတွေနဲ့ ၉၇ ရာခိုင်နှုန်းအထိ တူညီနေခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ လက်ရှိမှာ တစ်လကို စက်ကိရိယာ ၅၀၀ သာ ထုတ်လုပ်နိုင်ပေမယ့် နှစ်ကုန်မတိုင်မီ ယင်းအရေအတွက်ကို နှစ်ဆတိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။

အဓိက စိန်ခေါ်မှုကတော့ မျှော်လင့်ထားတဲ့ ကြီးမားတဲ့ ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်နိုင်အောင်လို့ စက်တွေကို လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်ဖို့ပဲဖြစ်တယ်လို့ Coyote က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly