မဲဆန္ဒရှင်များကို ပညာပေးမည့် mVoter 2020 အပလီကေးရှင်း စတင်မိတ်ဆက်

မဲဆန္ဒရှင်များကို ပညာပေးမည့် mVoter 2020 အပလီကေးရှင်း စတင်မိတ်ဆက်

စက်တင်ဘာ ၂၉၊ ၂၀၂၀

အာရှဖောင်ဒေးရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ International Institute for Democracy and Electoral Assistance (International IDEA)၊ အပလီကေးရှင်း ဖန်တီးသည့် PopStack တို့ ပူးပေါင်းကာ mVoter 2020 မိုဘိုင်းနှင့် ဝက်ဘ် အပလီကေးရှင်းကို အွန်လိုင်းမှတစ်ဆင့် စတင် မိတ်ဆက်လိုက်သည်။

COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများရှိနေပြီး မဲဆွယ်စည်းရုံးရေးနှင့် မဲဆန္ဒရှင် ပညာပေးရေး ကြိုးပမ်းမှုများ အကန့်အသတ်ဖြင့် ရှိနေခြင်းကြောင့် ယခုကဲ့သို့ mVoter 2020 မိုဘိုင်းနှင့် ဝက်ဘ် အပလီကေးရှင်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

mVoter 2020 အပလီကေးရှင်းတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၉၆၆ ဦး၏ ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံများ၊ ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီ ၉၂ ပါတီ၏ သတင်းအချက်အလက်များ၊ ရွေးကောက်ပွဲနေ့နှင့် မဲပေးနည်းအဆင့်ဆင့် ဆိုင်ရာအချက်အလက်များ၊ ပယ်မဲနှင့် ခိုင်လုံမဲ နမူနာများ၊ မဲစာရင်း၊ ကိုယ်စားလှယ်လောင်း များ၊ စောင့်ကြည့်လေ့လာရေး အပါအဝင် မဲဆန္ဒရှင်များမှ မေးလေ့မေးထရှိသော မေးခွန်းနှင့် အဖြေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော သတင်းနှင့် ကြေညာချက်များ ပါဝင်ကြောင်း အာရှဖောင် ဒေးရှင်း၏ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မဲပေးစို့ Hack Challenge တွင် ချန်ပီယံဆု ရရှိခဲ့သည့် မြန်မာလူငယ်များဖြင့် ဖွဲ့စည်းထားသော PopStack အဖွဲ့က mVoter 2020 အပလီကေးရှင်းကို ရေးသားပေးခြင်းဖြစ်သည်။

mVoter 2020 မိုဘိုင်း အပလီကေးရှင်းကို iOS နှင့် Android ပလက်ဖောင်း နှစ်မျိုးစလုံးတွင် download ချ၍ အသုံးပြုနိုင်ပြီး အပလီကေးရှင်း၏ အတွင်းပိုင်း စာသားများကို မြန်မာဘာသာဖြင့် ရေးထားသည်။

“မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုနှုန်းနှင့် မိုဘိုင်းဖုန်း သုံးစွဲသူ ဦးရေမှာ မြန်ဆန်စွာ တိုးတက်များပြားလာပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသောအချိန်မှာ မဲဆန္ဒရှင်များက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအကြောင်း နားလည်လာစေရန်၊ သတင်းအချက်အလက်ကို အခြေခံသော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ဘက်လိုက်မှုကင်းသော သတင်းအချက်အလက်များ ပေးခြင်းသည် ကောင်းမွန်ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်” ဟု အာရှဖောင်ဒေးရှင်း၏ ဌာနေကိုယ်စားလှယ် မာ့ခ် မက်ခ်ဒေါင်ဝဲလ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲပေးရန် ရက် ၄၀ ခန့်သာ လိုတော့ပြီး mVoter 2020 အပလီကေးရှင်းကို အသုံးပြုရန် စုံစမ်းမေးမြန်းသူ ၁၂ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly