ရိုဟင်ဂျာများ နေရပ်ပြန်ရေး နိုင်ငံတကာက ပိုမို ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

ရိုဟင်ဂျာများ နေရပ်ပြန်ရေး နိုင်ငံတကာက ပိုမို ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

စက်တင်ဘာ ၂၇၊ ၂၀၂၀

မြန်မာနိုင်ငံကို ရိုဟင်ဂျာများ (မူရင်း) နေရပ်ပြန်ပို့ရေးတွင် နိုင်ငံတကာက ပိုမိုဆောင်ရွက်ပေးကြရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုလိုက်သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးလာသည့် နိုင်ငံမဲ့ ရိုဟင်ဂျာ (မူရင်း) အများစုပါဝင်သည့် လူ ၁ သန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရသည်။

“သုံးနှစ်ကျော် ကြာသွားပါပြီ။ စိတ်မကောင်းစရာကတော့ ရိုဟင်ဂျာ (မူရင်း) တစ်ဦးတစ်လေကိုမှ နေရပ်ပြန်မပို့နိုင်သေးတာပါ။ ပြဿနာ ဖြစ်စေတာက မြန်မာနိုင်ငံဖြစ်လို့ မြန်မာမှာပဲ အဖြေရှာရမှာပါ။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး ထိရောက်တဲ့ အခန်းကဏ္ဌကနေ ပါဝင်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု စက်တင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းတွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပြောခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသူများကို စားနပ်ရိက္ခာနှင့် အခြား အထောက်အပံ့များပေးရန် စီစဉ်နေကြောင်း၊ ယင်းအစီအစဉ်အရ မိသားစု ၁၀ သန်းကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ကျောင်းသား လေးသန်းကိုလည်း ပညာသင်ဆု ထောက်ပံ့ထားကြောင်း၊ လယ်သမားနှင့် အလုပ်သမား ငါးသန်းကိုလည်း ငွေသားထောက်ပံ့ပေးထားကြောင်းလည်း  ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားသည်။  

သုံးနှစ်ကြာသည့်တိုင် ရိုဟင်ဂျာ (မူရင်း) ၁ သန်းခန့် လုံခြုံစွာ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ပေးရန် မြန်မာအစိုးရက ပျက်ကွက်နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဩဂုတ်လအတွင်းက သတင်းထုတ်ပြန်ထားသေးသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly