ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ဈေးကွက် အိန္ဒိယမှ ဟာလီ ဒေးဗစ်စန် တပ်ခေါက်

ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ဈေးကွက် အိန္ဒိယမှ ဟာလီ ဒေးဗစ်စန် တပ်ခေါက်

စက်တင်ဘာ ၂၅

အမေရိကန် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရာ ကုမ္ပဏီကြီးဖြစ်သည့် ဟာလီ ဒေးဗစ်စန် Harley-Davidson သည် ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံမှ ထွက်ခွာပြီ ဖြစ်သည်။  

အိန္ဒိယဈေးကွက်၌ ခြေကုပ်ရရှိရေးအတွက် ကျားကုတ်ကျားခဲ ရုန်းကန်ကြိုးစားခဲ့ပြီးမှ ဆယ်စုနှစ်ကြာ တည်ရှိခဲ့မှုကို အဆုံးသတ်ကာ ယခုကဲ့သို့ တပ်ခေါက်ရခြင်းလည်း ဖြစ်သည်။  

ကုမ္ပဏီအနေဖြင့် အိန္ဒိယတွင် ဆိုင်ကယ်ရောင်းချခြင်းနှင့် ထုတ်လုပ်ခြင်းကို ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့ဘဲ အလုပ်သမား ၇၀ ခန့်ကိုလည်း အနားပေးသွားမည်ဖြစ်ကြောင်း အမေရိကန် စတော့ရှယ်ယာနှင့် အစုစပ်ရှယ်ယာကော်မရှင်သို့ တင်သွင်းသော စာတွင် ဖော်ပြထားသည်။ ဘာဝဲလ်မြို့ရှိ ၎င်း၏ စက်ရုံကိုလည်း ပိတ်သွားမှာ ဖြစ်သည်။  

ဟာလီ ဒေးဗစ်စန်အနေဖြင့် ပြည်တွင်း၌ အရောင်းကျဆင်းနေခြင်းကြောင့် အိန္ဒိယတွင် ဈေးကွက်ထွန်းပေါက်ရေးအတွက် မျှော်လင့်ချက် မြင့်မားစွာ ထားခဲ့ခြင်း ဖြစ်သည်။   

သို့ရာတွင် အမေရိကန်ထုတ် ဟာလီ ဒေးဗစ်စန်အနေဖြင့် Hero ကဲ့သို့သော ပြည်တွင်းထုတ် တန်ဖိုးချိုသည့် ဆိုင်ကယ်များ ကြီးစိုးထားသည့် ဈေးကွက်တွင် ဟွန်ဒါနှင့် ဆူဇူကီးကဲ့သို့သော ဂျပန်ဆိုင်ကယ်များ အမြစ်ခိုင်မာနေသည့် ဈေးကွက်သို့ လမ်းပေါက်နိုင်ရေး၌ အကန့်အသတ် ကြုံတွေ့ရင်ဆိုင်ခဲ့ရခြင်းပဲ ဖြစ်သည်။  

ကြာသပတေးနေ့က မီလ်ဝါကီမြို့အခြေစိုက် ဟာလီ ဒေးဗစ်စန်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် အခြေစိုက်ရာ တစ်ပြည်နယ်တည်းမှဖြစ်သော General Motors နှင့်အတူ အိန္ဒိယဈေးကွက်မှ ထွက်ခွာကြောင်းကို ကြေညာထားခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ လူဦးရေအရ ဈေးကွက်အလားအလာ ကြီးမားစွာ ရှိနေလင့်ကစား ယခုကဲ့သို့ ထွက်ခွာကြရခြင်းပဲ ဖြစ်သည်။  

ဟာလီ ဒေးဗစ်စန်၏ ယင်း ဈေးကွက်မှ ထွက်ခွာခြင်းသည် ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ၏ ကမ္ဘာ့ကုမ္ပဏီကြီးများအား ပြည်တွင်းသို့ ဆွဲဆောင်နိုင်ရေး စီမံကိန်းအတွက် အဟန့်အတားသဖွယ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်တော့သည်။  

အိန္ဒိယတွင် ခြေကုပ်ယူပြီး ဈေးကွက်ထိုးဖောက်သည့် ဆယ်နှစ်တာအတွင်း ဟာလီ ဒေးဗစ်စန်ဆိုင်ကယ် စီးရေ စုစုပေါင်း ၂၅၀၀၀ သာ ရောင်းချခဲ့ရကြောင်း ဖေဖော်ဝါရီလအတွင်းက ကုမ္ပဏီက ထုတ်ပြန်ရာ အမေရိကန်၌ ၂၀၁၉ ပထမသုံးလတာ ရောင်းအားထက်ပင် ပိုနည်းနေခြင်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly