ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်က အစ္စရေးလက်ယာယိမ်းအုပ်စုထံ ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမှု ပေါက်ကြား

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်က အစ္စရေးလက်ယာယိမ်းအုပ်စုထံ ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမှု ပေါက်ကြား

စက်တင်ဘာ ၂၂

အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးအသင်း ချဲလ်ဆီး၏ အသင်းပိုင်ရှင် ရုရှားသူဌေး ရိုမန် အေဘရာမိုဗစ်ချ်သည် အစ္စရေး လက်ယာယိမ်းအဖွဲ့တစ်ခုဖြစ်သည့် Elad အဖွဲ့အစည်းထံ ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများက ပြသနေသည်။

နယ်ပယ်သစ် အခြေချမှုကို လိုလားသော Elad အဖွဲ့သည် ဂျေရုဆလင်အရှေ့ဘက်တွင် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများ၊ ဆိုဒ်နေရာများကို လုပ်ကိုင်နေပြီး ဂျူးတို့၏ တည်ရှိမှုကို တိုးချဲ့ရန် ပါလက်စတိုင်း ဧရိယာများတွင် မြေ၊ အိမ်ရာအဆောက်အအုံများကို အငြင်းပွားဖွယ် ဝယ်ယူနေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ သတင်းအချက်အလက်သည် FinCEN အထောက်အထားများ ပေါက်ကြားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုသီတင်းပတ်ကုန်တွင် လူသိရှင်ကြား ဖြစ်လာခဲ့သည်။ FinCEN စာရွက်စာတမ်း အထောက်အထားများကို BuzzFeed သတင်းဆိုဒ်က နိုင်ငံတကာ စုံစမ်းထောက်လှမ်းဂျာနယ်လစ်အစုအဖွဲ့ကြီး (ICIJ) နှင့် အစ္စရေး သတင်းထောက် Uri Blau အပါအဝင် ကမ္ဘာတဝန်း ဂျာနယ်လစ် ၄၀၀ ခန့်နှင့် အခြား မီဒီယာဌာန ၁၀၈ ခုတို့နှင့် ဝေမျှထားခဲ့သည်။

ရုရှား-ဂျူး ဘီလျံနာကြီး၏ လှူဒါန်းမှုများကို FinCEN ပေါက်ကြားမှု၏ စာရွက်စာတမ်းများထဲတွင် ထုတ်ဖော်ခဲ့ပြီး BBC News Arabic က ဖော်ပြခဲ့သည်။

ဖော်ပြချက်အရ Elad ထံ လှူဒါန်းမှုများသည် ဗြိတိန် ဗာဂျင်းကျွန်းစု ကုမ္ပဏီ လေးခုမှ လာခဲ့ကြောင်း ၊ ယင်းတို့အနက် သုံးခုသည် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သော လုပ်ငန်းများဖြစ်ပြီး စတုတ္ထမြောက်တစ်ခုသည်လည်း ၎င်းပင် ထိန်းချုပ်ထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများ၏ ပိုင်ရှင်ကို ယခင်က မသိရှိခဲ့ရပေ။

အစ္စရေး ငွေကြေး NIS ရှီကယ် သန်း ၃၅၀ ပမာဏ လှူဒါန်းမှုက ၂၀၀၅ ခုနှစ် နှင့် ၂၀၁၈ အကြား Elad ၏ ငွေကြေးမတည်မှု၏ ထက်ဝက်ပမာဏဖြစ်နေသည့်အတွက် အေဘရာမိုဗစ်ချ်သည် အကြီးဆုံးသော ဘဏ္ဍာငွေ ပံ့ပိုးသူဖြစ်စေခဲ့ကြောင်း ဟီးဘရူးနေ့စဉ်သတင်းစာ Haaretz က ဖော်ပြသည်။

“မစ္စတာ အေဘရာမိုဗစ်ချ်ဟာ အစ္စရေးနဲ့ ဂျူး အရပ်ဘက် အဖွဲ့အစည်းအပေါ် စူးစိုက်နစ်မြုပ်ထားတဲ့ ရက်ရောတဲ့ ပံ့ပိုးသူတစ်ဦးဖြစ်တယ်၊ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း သူဟာ အစ္စရေးနဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ဂျူး အသိုက်အဝန်း တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သိပ္ပံ၊ ပညာရေး တို့ကို ထောက်ကူပံ့ပိုးဖို့ ဒေါ်လာ သန်း ၅၀၀ ကျော် လှူဒါန်းထားခဲ့တယ်” ဟု အေဘရာမိုဗစ်ချ်၏ ကိုယ်စားလှယ်တစ်ဦးက အထက်ပါ သတင်းဖော်ပြချက်အပေါ် တုံ့ပြန်ပြော ဆိုသည်။

Elad ၏ အဓိက ပရောဂျက်က Ir David ( David မြို့) ဖောင်ဒေးရှင်းဖြစ်ပြီး ယင်း၏ အဓိက ပရောဂျက်စီမံကိန်းက ဂျေရုဆလင်၏ ရှေးဟောင်းမြို့တော် တံတိုင်းများအပြင်ဘက်ရှိ ပြန်လည်ဆန်းသစ်ထားသော David မြို့ ရှေးဟောင်းဥယျာဉ် ဖြစ်သည်။

Elad သည် အာရပ်ကျေးရွာ Silwan ပတ်ဝန်းကျင်တွင် (တခါတရံ မွတ်ဆလင် ကြားပွဲစားများကနေတဆင့်) အိမ်များကို ဝယ်ယူပြီး ယင်းတို့ကို ဂျူးများထံ ပြန်လည် ငှားရမ်းပေးသည်။ ယင်းလုပ်ဆောင်ချက်က မြို့တွင်း၌ တင်းမာမှုများကို နှိုးဆွပေးနေသည် ဆိုသည့် စွဲချက်များကို ဦးတည်စေသည်။

အေဘရာမိုဗစ်ချ်သည် ယူကေတွင် ဗီဇာပြဿနာများနှင့် ကြုံတွေ့ခဲ့ပြီးနောက် နေရပ်ရွှေ့ပြောင်းလာခဲ့ချိန် အစ္စရေး၏ အချမ်းသာဆုံး နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့သည်။ လန်ဒန်နှင့် မော်စကိုအကြား သံတမန် တင်းမာမှုတစ်ခု ကြောင့် နောက်ဆုံးတွင် မိုဗစ်ချ်သည် လန်ဒန်ကနေ အစ္စရေးကို ထွက်ခွာခဲ့သည်။ ၎င်းသည် ဂျူးများကို အစ္စရေးနိုင်ငံသားဖြစ်ခွင့်ပြုသည့် ဥပဒေတစ်ခုအောက်တွင် အစ္စရေး မှတ်ပုံတင် ကဒ် ရရှိခဲ့သည်။  

အေဘရာမိုဗစ်ချ်သည် ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံ ကြွယ်ဝကြောင်း Forbes က ဖော်ပြသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် ၁၁၃ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။ ၎င်းသည် အစ္စရေးတွင်လည်း အနည်းဆုံး နေအိမ်အဆောက်အအုံ သုံးခု ပိုင်ဆိုင်ထားသည်။ ၎င်းတွင် tax haven တစ်ခုဖြစ်သည့် အင်္ဂလိပ် ရေလက်ကြားရှိ Channel Islands ကျွန်းစုရှိ Jersey ၌ နေထိုင်ခွင့် ရှိသော်လည်း မည်သည့်အခါမှ ယင်းကို ရယူခြင်း မရှိပေ။

ကြီးမားသည့် ပေါက်ကြားမှုတစ်ခု၏ ထုတ်ဖော်ချက်အရ အစ္စရေး၏ အကြီးဆုံးသော လေယာဉ်တည်ဆောက်မှုနည်းပညာနှင့် လေယာဉ်ထုတ်လုပ်ငန်းကြီးကလည်း အနည်းဆုံး ဒေါ်လာ ၁၅၅ သန်းကို ကုမ္ပဏီနှစ်ခုထံ လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ကို အဇာဘိုင်ဂျန်ရှိ ကလပ်တိုကရက်တစ် အစုအဖွဲ့ (Kleptocratic elite) အတွက် လျှို့ဝှက် slush fund (နိုင်ငံရေးပါတီများ တရားမဝင် ကိစ္စများ၌ သုံးရန် ထားသည့် ရန်ပုံငွေ) အဖြစ် အသုံးပြု ထားခဲ့သည်ဟု သိရသည်။

The Times of Israel က တနင်္ဂနွေတွင် ဖော်ပြချက်တစ်ခုအရ ပေါက်ကြားထားခဲ့သည့် အခြားသော အထောက်အထားများအရ ဂျော်ဒန်တွင် ရုံးချုပ်စိုက်သော Arab Bank ဘဏ်သည် အကြမ်းဖက်မှုဒဏ် ခံခဲ့ရသူများကို များပြားသည့် ပမာဏရှိ နစ်နာကြေးများ ပေးရန် သဘောတူညီထားပြီးနောက်ပိုင်းတွင်တောင်မှ အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် သံသယရှိ အဖွဲ့အစည်းများထံ ငွေပေးချေမှုများကို အဆင်ပြေဖြစ်မြောက်ထားစေခဲ့သည်ကို ပြသလျက် ရှိကြောင်း သိရသည်။ ပေါက်ကြားလာသော အထောက်အထားများထဲတွင်လည်း အစ္စရေး စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဘဏ်များနှင့်ပတ်သက်၍ ထပ်တိုး ဖော်ပြချက်များလည်း ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly