ဆန္ဒပြခေါင်းဆောင်တွေကို ဥပဒေအရ တရားစွဲအရေးယူမယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ကြုံးဝါး 

By AFP
22 September 2020
ဆန္ဒပြခေါင်းဆောင်တွေကို ဥပဒေအရ တရားစွဲအရေးယူမယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ကြုံးဝါး 
Photo - AFP

စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ စုဝေးဆန္ဒပြပွဲတစ်ခုကို စီစဉ်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ 

သီတင်းပတ်ကုန်မှာ ဆန္ဒပြသူ အင်အား ၃၀,၀၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ဒါဟာ ယင်းနိုင်ငံမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ စုဝေးဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ နှစ်လအကြာက စလို့ နေ့တိုင်းနီးပါး ပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်း အင်အားအများဆုံး ထုတ်ဖော်ပြသမှုလည်း ဖြစ်ခဲ့ပါတယ်။ 

“အရေးအကြီးဆုံး အချက်က ဆန္ဒပြသူတွေဟာ ထိုင်းပြည်သူတိုင်း ချစ်တဲ့ တော်ဝင်ဘုရင်ကို ရည်ညွန်းပြီး မသင့်လျော်တဲ့ အသုံးအနှုန်းတွေ သုံးခဲ့တဲ့အချက်ပါ၊ ဒီထဲမှာ နိုင်ငံ၊ ဘာသာ နဲ့ ဘုရင်စနစ်တွေ ပါ ပါတယ်၊ ဒီတော့ ဥပဒေ စိုးမိုးအောင် ထိန်းသိမ်းရတဲ့ တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ဟာ ဒီကိစ္စကို ဥပဒေကြောင်းအရ ဆက်လုပ်သွားပါမယ်” လို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယရဲဗိုလ်ချုပ်ကြီး ပီယာ ယူသာယိုက ပြောသွားပါတယ်။ 

“နောက်ပြီး ဆန္ဒပြသူတွေဟာ မှန်ကန်ကြောင်း အတည်မပြုနိုင်တဲ့ အချက်အလက်တွေနဲ့ ပြည်သူတွေကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့တယ်၊ နားလည်မှု လွဲအောင် ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ပေါ့၊ ဒါပေမယ့် ထိုင်းပြည်သူတွေအနေနဲ့ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှားဆိုတာ သိကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့လည်း ပီယာ ယူသာယိုက ပြောသွားပါတယ်။ 

“ကျွန်တော်တို့ရဲ့ နံပါတ်တစ် မစ်ရှင်က တော်ဝင် ဘုရင့်အဖွဲ့အစည်းကို ဘေးကင်းအောင် ထောက်ပံ့ဖို့ဖြစ်ပါတယ်၊ ဒါက ရဲဝန်ထမ်းတိုင်းရဲ့ တာဝန်ပါ” လို့လည်း ၎င်းက ပြောသွားပါတယ်။ 

“မော်ကွန်းသတ္ထုပြား (ထိုင်းနိုင်ငံကို ထိုင်းပြည်သူတွေပဲ ပိုင်ဆိုင်တယ်လို့ ကြေညာရင်း စက်တင်ဘာ ၂၀ ရက်ဆန္ဒပြပွဲမှာ ထိုင်းတက်ကြွလှုပ်ရှားသူတွေ တပ်ဆင်ခဲ့) ကို ဘယ်သူက ဖြုတ်သွားလဲ ကျွန်တော်တို့ မသိပါဘူး၊ ဒါပေမယ့် အဲဒီ မော်ကွန်းသတ္ထုပြားဟာ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူတွေ ထိန်းသိမ်းရယူထားရမယ့် သက်သေအထောက်အထားတစ်ခု ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီမော်ကွန်းသတ္ထုပြားဟာ ဥပဒေချိုးဖောက်တဲ့ ဖြစ်စဉ်တစ်ခုမှာ သက်သေအထောက်အထားတစ်ခုအဖြစ် ယူဆနိုင်လို့ဖြစ်ပါတယ်” လို့ တော်ဝင် ထိုင်းရဲတပ်ဖွဲ့မှ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကရီဆာနာ ပက်တာနာချာရွန်က ပြောသွားပါတယ်။ 

ဘန်ကောက်မြို့ တော်ဝင်နန်းတော်အနီး ဆန္ဒပြသူတွေ တပ်ဆင်ခဲ့တဲ့ မော်ကွန်းသတ္ထုပြားကို ထိုင်းပြည်သူတွေရဲ့ ရင်တွင်း အသည်းနှလုံးထဲမှာ စိုက်ထူခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီမော်ကွန်းသတ္ထုပြားကို ဖယ်ရှားတာကလည်း နိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ၎င်းတို့ရဲ့ တိုက်ပွဲရဲ့ အစပိုင်းဖြစ်တယ်ဆိုတာကို ပြသရုံသာ ရှိတယ်လို့ ၎င်းတို့က ပြောသွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ပေါ်ပေါက်နေခဲ့တဲ့ ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြသူတွေဟာ ၂၀၁၄ အာဏာသိမ်းမှုမှာ အဓိက ဦးဆောင်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရအဖွဲ့ နုတ်ထွက်ရေး တောင်းဆိုနေကြသလို ဘုရင်ကိုလည်း နိုင်ငံရေးနဲ့ မပတ်သက်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly