သကြားအပေါ်အခွန်တိုးမြင့်ရေး ဂျီ-၂၀ နိုင်ငံများသို့ ဆီးချိုကျွမ်းကျင်သူများ တောင်းဆို

သကြားအပေါ်အခွန်တိုးမြင့်ရေး ဂျီ-၂၀ နိုင်ငံများသို့ ဆီးချိုကျွမ်းကျင်သူများ တောင်းဆို

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၂ ။                  ။ အဝလွန်မှုကို တိုက်ဖျက်ရန် သကြားအပေါ်ကောက်ခံသည့် အခွန်ကို အသုံးပြုရန် ဆီးချိုရောဂါကျွမ်းကျင်သူများက ကမ္ဘာ့ခေါင်းဆောင်များကို နိုဝင်ဘာ၁၂ ကတောင်းဆိုလိုက်ပြီး ယင်းသို့ဆောင်ရွက်ခြင်းက အသက်များစွာကို ကယ်တင်နိုင်သည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုဘတ်ဂျက်များကိုလည်း လျှော့ချနိုင်လိမ့်မည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်မည့် ဂျီ-၂၀ခေါင်းဆောင်များ၏ အစည်းအဝေးမတိုင်မီ ကြီးမားသည့် ပထဝီနိုင်ငံရေးနှင့် ဘဏ္ဍာရေးပြသနာများနှင့် အတူ အဝလွန်မှုနှင့် ဆီးချိုရောဂါကိစ္စကိုလည်း ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွင် ထည့်သွင်းဆွေးနွေးရန် နိုင်ငံတကာဆီးချိုအဖွဲ့(IDF)က လိုလားနေသည်။

ကမ္ဘာပေါ်တွင် ဆီးချိုရောဂါကြောင့် ခြောက်စက္ကန့်လျင် လူတစ်ဦးသေဆုံးလျက်ရှိရာ အိတ်ချ်အိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားတို့ စုစုပေါင်းထက် ပိုမိုကြီးမားသည့် သတ်ဖြတ်သူဖြစ်နေသည်။ နိုင်ငံအများစုမှာ ဆီးချိုရောဂါအတွက် ကျန်းမာရေးစောင့်ရှောက်မှုဘတ်ဂျက်၏ ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား သုံးစွဲနေရသည်ဟု ခန့်မှန်းထားသည်။

အဝလွန်ခြင်း၊ အထိုင်များသည့်နေထိုင်မှုပုံစံတို့နှင့် နီးကပ်စွာဆက်စပ်နေသည့် ပုံစံ-၂ ဆီးချိုရောဂါမှာ ဆီးချိုရောဂါအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးရှိသည့်အပြင် ဖြစ်ပွားမှုမှာလည်း လျင်မြန်စွာမြင့်တက်လျက်ရှိပြီး အထူးသဖြင့် အနောက်တိုင်းအစားအစာများကို ပြောင်းလဲစားသုံးနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လျင်မြန်စွာဖြစ်ပွားလျက်ရှိသည်။ ယခုအခါကမ္ဘာပေါ်ဆီးချိုရောဂါရှိသူ အများဆုံးမှာ တရုတ်တွင် နေထိုင်လျက်ရှိသည်။

ဆီးချိူရောဂါမှာ လူနာများအတွက်သာမက စီးပွားရေးပါ ထိခိုက်လျက်ရှိကြောင်း IDF ၏အမှုဆောင်ချုပ် ပက်ထရာဝီလ်ဆင်က ပြောသည်။ IDF သည် နိုင်ငံအဖွဲ့အစည်း ၂၃၀ကျော်၏ ထီးရိပ်အဖွဲ့ကြီးဖြစ်သည်။

၂၀၀၈ခုနှစ်က ဘဏ္ဍာရေးအကျပ်အတည်းကို ပူးပေါင်းဖြေရှင်းသကဲ့သို့ အဝလွန်မှုအား တိုက်ဖျက်ရာတွင်လည်း ပူးပေါင်းတိုက်ဖျက်ကြရန် နိုဝင်ဘာ ၁၅-၁၆ တွင် တူရကီ၌ ပြုလုပ်မည့် ဂျီ-၂၀အစည်းအဝေး၏ ခေါင်းဆောင်များကို ၎င်းကတိုက်တွန်းခဲ့သည်။

၂၀၄၀ပြည့်နှစ်တွင် လူကြီး ၁၀ဦးလျင် တစ်ဦးနှုန်း ဆီးချိုရောဂါရမည်ဟု မျှော်လင့်ရပြီး ၂၀၁၅တွင် ၄၁၅သန်းရှိရာမှ ၆၄၂သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။ ဆီးချိုရောဂါအတွက် ကျန်းမာရေးအသုံးစရိတ်မှာလည်း အမေရိကန်ဒေါ်လာ ၆၇၃ ဘီလျံမှ ၈၀၂ ဘီလျံအထိရှိလာမည်ဟု တွက်ချက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly