စက်တင်ဘာ ၇
စက်တင်ဘာ ၆ ရက် က ဘယ်လာရုစ်နိုင်ငံ မင့်စ်ခ်မြို့မှာ ဆန္ဒပြသူထောင်ပေါင်များစွာဟာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်ဖမ်းဆီးမှုတွေနဲ့ တပ်ဖြန့်ထားမှုတွေကို အံတုကာ သမ္မတ အလက်ဇန္ဒားလူကာရှန်ကို,ကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် သုံးပတ်ကျော်ကလည်း မြို့တော်မှာ လူပေါင်း ၁၀၀ ၀၀၀ ထက်မနည်း လမ်းမတွေထက်မှာဆန္ဒပြခဲ့ကြပြီး တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာတော့ အရေအတွက် ပိုများခဲ့ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေ၊ ရေအမြောက်တွေ၊ သံချပ်ကာ ကားတွေနဲ့ ကင်းထောက်ယာဉ်တွေကို မင့်စ်ခ်မြို့အနှံ့မှာ တပ်ဖြန့်ချထားပေမယ့် ဘုန်းတော်ကြီးတွေအပါအဝင် အလွှာပေါင်းစုံက မိသားစုလိုက်တွေနဲ့ ကျောင်းသားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
မင့်စ်ခ်မြို့က ၁၇၅ ယောက်အပါအဝင် နိုင်ငံတစ်ဝန်း လူပေါင်း ၂၅၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဗီယာစ်နာ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဆန္ဒပြသူအများစုက ဖြူနီရောင်အလံတွေနဲ့ ကြွေးကြော်သံစာတန်းပါကတ်ပြားတွေကို ကိုင်ဆောင်ထားကြပြီး ဒရမ်နဲ့တခြားတူရိယာတွေကို တီးခတ်ပြီး ဆန္ဒပြတဲ့ အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။
ဩဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံကို ၂၆ နှစ်ကြာ အုပ်ချုပ်လာတဲ့ လူကာရှန်ကိုက မဲ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ပြန်လည်ရွေးကောက်ခံရတဲ့အတွက် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာပါ။
အတိုက်အခံခေါင်းဆောင် ဆဗက်လန်နာ တီခန်နော့ဗ်စကာယာ က သူအနိုင်ရခဲ့တယ်လို့ပြောခဲ့ပေမယ့် လူကာရှန်ကိုရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူထောင်ပေါင်းများစွာကို ထိန်းသိမ်းခဲ့ပြီး အများစုက ရဲတွေရဲ့ နှိပ်စက်မှုကို ခံရပါတယ်။ နှိမ်နင်းမှုအတွင်းမှာလည်း လူပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
တီခန်နော့ဗ်စကာယာ ကတော့ အာဏာပိုင်တွေရဲ့ဖိအားပေးမှုကြောင့် ဘယ်လာရုစ်နိုင်ငံကနေထွက်သွားခဲ့ပြီး EU အဖွဲ့ဝင်နိုင်ငံ လစ်သူယေးနီးယားမှာ ခိုလှုံနေပါတယ်။