ပြေလည်မှု ရရေးအတွက် တရုတ်နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး

ပြေလည်မှု ရရေးအတွက် တရုတ်နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး

စက်တင်ဘာ ၅

ဇွန်လအတွင်းက လူသေဆုံးမှုရှိသော နယ်စပ်ခိုက်ရန်ဖြစ်အပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ပထမဆုံး အဆင့်မြင့် ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို မော်စကိုမြို့တော်တွင် ပြုလုပ်သည်။

တင်းမာမှုများ လျှော့ချရေးအတွက် တရုတ် ကာကွယ်ရေးဝန်ကြီး ဝေဖန်ကျိနှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရက်နက်ဆင်းချ်တို့က ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေး အပြင်ပန်းတွင် တွေ့ဆုံကြခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့သည် နယ်စပ်၌ သံချပ်ကာယာဉ်များ၊ လက်နက်ကြီးများ၊ အမြောက်ကြီးများနှင့် တိုက်လေယာဉ်များပင် ပါသည့် တပ်မလိုက် ရွှေ့ပြောင်းနေရာချခြင်းများကို လုပ်ဆောင်လျက် ရှိသည်။ အနောက်ပိုင်း ဟိမဝန္တာရှိ အငြင်းပွား နယ်စပ်ဒေသအရေးတွင် ၁၉၆၂ ခုနှစ်က နှစ်နိုင်ငံ စစ်ဖြစ်ပြီးနောက်ပိုင်း အကြီးဆုံး တပ်ပြောင်းရွှေ့တပ်ချမှုများ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

တရုတ်၊ အိန္ဒိယနှင့် ရုရှအပါအဝင်ဖြစ်သော အဖွဲ့ဝင် ရှစ်နိုင်ငံ ပါဝင်သည့် Shanghai Cooperation Organization အစည်းအဝေးပြီးနောက် မော်စကိုရှိ ဟိုတယ်တစ်ခုတွင် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်ကြောင်း ရုရှမီဒီယာက ဖော်ပြသည်။

အဆိုပါ သောကြာနေ့ အစည်းအဝေးက နှစ်နာရီနှင့် မိနစ် ၂၀ ကြာမြင့်သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရုံးက တွစ်တာ၌ ရေးသားဖော်ပြသည်။

အိန္ဒိယစစ်ဝန်ကြီး ရက်နက်ဆင်းက ၎င်း၏ အဆင့်တူ တရုတ်စစ်ဝန်ကြီးအား မကျူးကျော်ရေးက အရေးကြီးကြောင်း ပြောဆိုသည်ဟု အိန္ဒိယမီဒီယာက ဖော်ပြသည်။ ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် “ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မကျူးကျော်ရေး၊ နိုင်ငံတကာစည်းမျဉ်းစံနှုန်းများကို အလေးထားရေး၊ အခြားသူ၏ အကျိုးစီးပွားကို အပြန်အလှန် လေးစားပြီး မတူညီမှုများကို ငြိမ်းချမ်းစွာ ဖော်ရှင်းရေး”တို့ကို ဝန်ကြီး ရက်နက် ဆင်းချ်က တွစ်တာ၌ ရေးသားဖော်ပြသည်။

ဟိမဝန္တာဒေသရှိ လာဒက်ရှ်အရပ်တွင် ဇွန်လအတွင်း အိန္ဒိယနှင့် တရုတ်စစ်သားများ ခိုက်ရန် ဖြစ်ပွားကြပြီး အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့သည်။ တရုတ်ဖက်တွင်လည်း သေဆုံးဒဏ်ရာရမှု ရှိကြောင်း အရေအတွက် မထုတ်ပြန် ဘဲ သတင်းဖော်ပြခဲ့သည်။ ဩဂုတ်လ၌လည်း အိန္ဒိယအစိုးရက ၎င်းတို့ဖက်ခြမ်းတွင် တည်ရှိသည်ဟု ဆိုထားသော နယ်သတ်မျဉ်း၏ တစ်ဖက်တွင် အိန္ဒိယစစ်တပ်များ ရွှေ့ပြောင်းခြင်းကြောင့် နောက်ထပ် ထိပ်တိုက်တွေ့မှု ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly