စက်တင်ဘာ ၂
လုပ်ကြံခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ်ကနေဒီရဲ့ ညီဖြစ်သူ ရောဘတ် ကနေဒီရဲ့ မြေးတော်စပ်တဲ့ ဂျိုး ကနေဒီဟာ စက်တင်ဘာ ၁ ရက်က အမေရိကန် ဆိနိတ်လွှတ်တော် အမတ်နေရာ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်သူကို ရှုံးနိမ့်သွားခဲ့ပါတယ်။
ဒါဟာ အထင်ကရ အမေရိကန်နိုင်ငံရေးသမားမိသားစုအတွက် အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ဂျိုး ကနေဒီဟာ မက်ဆာချုးဆက်ပြည်နယ် ဆိနိတ်တာနေရာအတွက် အကြိုရွေးကောက်ပွဲမှာ လက်ရှိ ဆိနိတ်တာအမတ်ဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် အက်ဒ် မာကေနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် အရေးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဂျိုး ကနေဒီကတော့ သူဟာ ပြိုင်ဘက် မက်ဆာချူးဆက် ဆိနိတ်တာ အက်ဒ် မာကေထံ ဖုန်းခေါ်ပြီး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း၊ ဆက်လက်ပြီးတော့ လာမယ့်လတွေမှာ ၎င်းရဲ့ မဲဆွယ်မှုတွေမှာ လည်း ၎င်းကို ထောက်ခံအားပေးမယ်လို့ ကတိပြုခဲ့ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ အမေရိကန်ရှေ့နေချုပ်ဟောင်း ရောဘတ် ကနေဒီရဲ့ မြေး ဂျိုးကနေဒီကတော့ ကနေဒီ မိသားစုမှာ နိုင်ငံရေးလမ်းကို ဆက်လျှောက်တဲ့ မျိုးဆက်တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အောက်လွှတ်တော်ထဲ ရောက်လာခဲ့ သူဖြစ်ပါတယ်။