အိုလံပစ်မီးရှူးတိုင်ကို တိုကျိုအိုလံပစ်ပြတိုက်၌ ပြသထားမည်

By AFP
01 September 2020
အိုလံပစ်မီးရှူးတိုင်ကို တိုကျိုအိုလံပစ်ပြတိုက်၌ ပြသထားမည်

တိုကျို၊ စက်တင်ဘာ ၁

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲတွေ အနှောင့်အယှက်ဖြစ်ခဲ့ပြီး အားကစားပွဲတွေကျင်းပဖို့ ဆိုင်းငံ့ထားရပြီးတဲ့နောက် အဆိုပါမီးရှူးတိုင်ကို စက်တင်ဘာလမှာ တိုကျို အိုလံပစ်ပြတိုက်မှာ ဆက်လက်ပြသထားမယ်လို့ သိရပါတယ်။

မတ်လတုန်းက ဂျပန်ကို ရောက်ရှိလာတဲ့ အိုလံပစ်မီးရှူးတိုင်ကို စက်တင်ဘာ ၁ ရက်ကစပြီး နိုဝင်ဘာ ၁ ရက်အထိ အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ တိုကျိုအိုလံပစ်ပြတိုက် တာဝန်ရှိသူတွေက ပြောပါ တယ်။  

တိုကျို အိုလံပစ် ၂၀၂၀ ကို ကျင်းပဖို့ တစ်နှစ်နောက်ဆုတ်လိုက်ပြီးကတည်းက ဂရိနိုင်ငံ အိုလံပီယာမြို့မှာ မီးစတင်ထွန်းညှိခဲ့တဲ့ အိုလံပစ်မီးရှူးတိုင်ဟာ မသေချာမရေရာတဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။  

စပါတာမြို့မှာလည်း ဟောလိဝုဒ်မင်းသား ဂျရတ်ဘတ်တလာ က အိုလံပစ်မီးရှူးတိုင်မီးထွန်းညှိပွဲ ပါဝင်ဆင်နွှဲချိန်မှာ လူစုလူဝေးတွေဖြစ်လာတဲ့အတွက် လက်ဆင့်ကမ်းသယ်ဆောင်ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။  

မီးရှူးတိုင် ဂျပန်နိုင်ငံကို ရောက်လာချိန်မှာလည်း တာဝန်ရှိသူအနည်းငယ်နဲ့ ကြိုဆိုပွဲလုပ်ခဲ့ပြီး ကျောင်းသား ၂၀၀ ပါဝင်ဆင်နွှဲမယ့်အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

လက်ဆင့်ကမ်းသယ်ဆောင်ပွဲ အစီအစဉ်တွေပျက်ပြယ်ခဲ့ပြီး မီးရှူးတိုင်ကို ဖူကူရှီးမားခရိုင်မှာ ပြသထားခဲ့ပါတယ်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်လာတဲ့အတွက် တစ်ပတ်အကြာမှာတော့ အများပြည်သူကို ကြည့်ရှုခွင့်ပိတ်ခဲ့တာပါ။  

အိုလံပစ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ယိုရှိရို မိုရီက “ ဒီအိုလံပစ်မီးရှူးတိုင်ကို နောက်နှစ်မှာ လူပေါင်း ၁၀ ၀၀၀ လောက် သယ်ဆောင်ခွင့်ရအောင် ကျွန်တော်တို့ လုပ်နိုင်သမျှ လုပ်သွားမှာပါ။ အိုလံပစ်ပွဲကို ဘေးအန္တရာယ် ကင်းကင်းနဲ့ အေးအေးချမ်းချမ်း ကျင်းပသွားနိုင်ဖို့ တာဝန်ရှိသူတွေနဲ့အတူ ဆက်လက်ပြင်ဆင်သွားမှာပါ” လို့ပြောပါတယ်။

ဆိုင်းငံ့ထားတဲ့အိုလံပစ်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ ပြန်လည်ကျင်းပတဲ့အချိန်မှာ အဆိုပါ မီးကို အိုလံပစ်တိုင်မှာ ထွန်းညှိသွားမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly