ပုန်းလျှိုးကွယ်လျှိုး တရုတ်ရင်းနှီးမြုပ်နှံမှုများကို ထိုင်ဝမ် ဖြိုခွင်းရာ၌ အလီဘာဘာကုမ္ပဏီကိုပါ ထိုးနှက် 

 ပုန်းလျှိုးကွယ်လျှိုး တရုတ်ရင်းနှီးမြုပ်နှံမှုများကို ထိုင်ဝမ် ဖြိုခွင်းရာ၌ အလီဘာဘာကုမ္ပဏီကိုပါ ထိုးနှက် 

ဩဂုတ် ၂၉

ထိုင်ဝမ်သည် ၎င်း၏ ဈေးကွက်၌ ပြည်မကြီးမှ ရင်းနှီးမြုပ်နှံမှုများကို တင်းကျပ်စွာ ချမှတ်ထားသော စည်းမျည်းစည်းကမ်းများကို ရှောင်တိမ်းသည် စွပ်စွဲချက်ဖြင့် ကုမ္ပဏီများကို အရေးယူလျက် ရှိရာ နောက်ဆုံးအနေဖြင့် တရုတ်က အကြီးဆုံး အီလက်ထရောနစ်အုပ်စုကိုပါ အရေးယူလာခဲ့သည်။ 

အွန်လိုင်းမောလ်ဖြစ်သော TaoBao ၏ ထိုင်ဝမ်လုပ်ငန်းခွဲကို တရုတ်ကျောထောက်နောက်ခံသော စီးပွားရေးအဖြစ် မှတ်ပုံတင်ရန် သို့မဟုတ်ပါက ခြောက်လအတွင်း ထွက်ခွာရန် တနင်္လာနေ့တွင် အမိန့်ထုတ်လိုက်သည်။ 

တရုတ်က အလီဘာဘာကုမ္ပဏီကြီးသည် ဗြိတိန်နှင့် စင်ကာပူတို့မှ ၎င်း၏ ရင်းနှီးမြုပ်နှံမှုများကို လမ်းကြောင်းလွှဲကာ TaoBao တွင် လုပ်ငန်းပါဝင်ထားသည်ဟု ထိုင်ဝမ်အာဏာပိုင်များက ပြောပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်လာခြင်းလည်း ဖြစ်သည်။ 

တရုတ်ပြည်မကြီးအပေါ် စီးပွားရေးမှီခိုနေရမှုကို လျှော့ချမည်ဟု စိတ်ပိုင်းဖြတ်ထားသော သမ္မတ ထိုက်အန်ဝန်၏ လက်အောက်တွင် ထိုင်ဝမ်၌ လုပ်ငန်းလည်ပတ်နေသော တရုတ်ကုမ္ပဏီများကို တိုးမြှင့်ဖိအားပေးရာ တစ်စိတ်တစ်ပိုင်းအဖြစ် စည်းမျဉ်းတင်းကျပ်စွာဖြင့် အရေးယူမှုများ လုပ်ဆောင်နေသည်။ 

ထိုင်ဝမ်၌ အွန်လိုင်းမောလ် Taobao ကို လုပ်ကိုင်နေသော Claddagh Venture Investment ကုမ္ပဏီကို အလီဘာဘာက ထိထိရောက်ရောက် ထိန်းချုပ်ထားခြင်း ဖြစ်သည်ဟု ရင်းနှီးမြုပ်နှံမှု ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဆူချီယန်းက Nikkei သို့ အင်္ဂါနေ့တွင် ပြောသည်။ 

ထိုင်ဝမ်တွင် တရုတ်ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းကျော် ရှိသော မည်သည့် ကုမ္ပဏီမဆို တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာရမည့် ပြည်မကြီး တရုတ်ကုမ္ပဏီအဖြစ် သတ်မှတ်သည့် ဥပဒေချမှတ်ထားသည်။ 

Claddagh ကုမ္ပဏီသည် Taobao အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တရုတ်ပြည်မကြီးသို့ ပေးပို့နေသည်ဟု စွပ်စွဲရင်း လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ထိုင်ဝမ်အာဏာကပိုင်များက ပြောကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly