အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင် လုပ်မယ့်သူလို့ ထရမ့်ကို သမီးဖြစ်သူက အမွှန်းတင် မိန့်ခွန်းပြော 

အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင် လုပ်မယ့်သူလို့ ထရမ့်ကို သမီးဖြစ်သူက အမွှန်းတင် မိန့်ခွန်းပြော 

ဩဂုတ် ၂၈

အိမ်ဖြူတော်အကြံပေး အိုင်ဗန်ကာထရမ့်ဟာ သူ့အဖေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဝါရှင်တန်ဆီ လာတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင် လုပ်ဖို့ တစ်ခုတည်းအတွက်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

သူ့အဖေ ထရမ့်ဟာ သမရိုးကျမဟုတ်ဘူးဆိုတာကို အိုင်ဗန်ကာက ဝန်ခံပေမယ့် “သဘာဝကျတဲ့ ပင်ကိုစရိုက်အတွက် သူ့ကို ကျွန်မချစ်တယ်။ ထက်မြက်တာကြောင့် သူ့ကို ကျွန်မ လေးစားတယ်။”လို့ အိမ်ဖြူတော်က လူအုပ်ရှေ့မှာ အိုင်ဗန်ကာက မိန့်ခွန်းပြောဆိုပါတယ်။ 

“ကျွန်မ ဝါရှင်တန်မှာ မြင်နေရတာက နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ခံယူချက်တွေကို နှုတ်ဆိတ်နေပြီး ခက်ခဲတဲ့ တိုက်ပွဲတွေကို ရှောင်ကွင်းတယ်ဆိုရင် အလွယ်တကူ ရှင်သန်နေနိုင်တာပဲ။ နိုင်ငံရေးသမား တော်တော်များများက ပြဿနာတစ်ရပ်ကို ညှိယူမယ်ဆိုတာထက် မကျေလည်တာတွေပဲ ပြောဆိုနေကြတာကို ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်ရတယ်။”လို့ သူက ပြောပါတယ်။ 

“အဓိက စိန်ခေါ်မှုတွေကို မဖြေရှင်းဘဲ အခြားဖက်ကို အပြစ်ဖို့နေတာဟာ ကျွန်မအတွက် တုန်လှုပ်စရာပါပဲ။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ကတော့ ဒီလို နိုင်ငံရေးသမားတွေရဲ့ သဘောကျချီးကျူးခံချင်လို့ ဝါရှင်တန်ကို လာခဲ့တာ မဟုတ်ဘူး။ ဒေါ်နယ်ထရမ့် ဝါရှင်တန်ဆီ လာရတဲ့ အကြောင်းရင်းက တစ်ခုတည်းပဲ၊ ဒါကတော့ အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင် လုပ်ဖို့ အကြောင်းတစ်ခုတည်းပဲ။”လို့ အိုင်ဗန်ကာက ပြောပါတယ်။ 

“အဖေ၊ လူတွေက အဖေကို ပုံသေမဟုတ်တာအတွက် တိုက်ခိုက်ကြတယ်။ ဒါပေမယ့် အဖေရဲ့ စစ်မှန်တဲ့ ပင်ကိုစရိုက်ကြောင့် ကျွန်မ အဖေ့ကို ချစ်တယ်။ ထက်ထက်မြက်မြက် ရှိတဲ့အတွက် ကျွန်မ အဖေကို လေးစားတယ်။ ကျွန်မတို့ သမ္မတဟာ သူ့ ယုံကြည်ချက်တွေကို နိုင်ငံရေးအထက်တန်းလွှာတွေထံမှာ အညံမခံခဲ့ဘူး။”လို့ သူက ပြောပါတယ်။ 

သမ္မတ ထရမ့်ကလည်း ကြာသပတေးနေ့က ရီပတ်ဘရီကန်ပါတီရဲ့ အမည်စာရင်းတင်သွင်းတာကို လက်ခံတဲ့ မိန့်ခွန်းမှာ ဒီမိုကရက်တစ်သမ္မတလောင်း ပြိုင်ဖက် ဂျိုးဘိုင်ဒင်ကို ထိုးနှက်ပြောဆိုခဲ့ပါတယ်။ 

ပျော့ညံတဲ့ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ ကြီးမြတ်မှုကို ဖျက်ဆီးပစ်ချင်နေတယ်လို့ သတိပေး ပြောဆိုပြီး နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ သူသာ အနိုင်ရခဲ့မယ်ဆိုရင် အမေရိကန် ပျက်ကိန်းပဲဆိုပြီး ထရမ့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly