အိန္ဒိယ၏ အွန်လိုင်း ဆေးဝါးရောင်းချမှုလုပ်ငန်း သရဖူအတွက် ယှဉ်ပြိုင်နေကြသည့် ဘီဇို့စ်နှင့် အမ်ဘာနီ

အိန္ဒိယ၏ အွန်လိုင်း ဆေးဝါးရောင်းချမှုလုပ်ငန်း သရဖူအတွက် ယှဉ်ပြိုင်နေကြသည့် ဘီဇို့စ်နှင့် အမ်ဘာနီ

သြဂုတ် ၂၇ 

အိန္ဒိယနိုင်ငံ၏ အွန်လိုင်း ဆေးဝါးရောင်းချမှု ကဏ္ဍထဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်မှုများ ရှိနေပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ် ဘီဇို့စ်၏ Amazon.com နှင့် အိန္ဒိယဘီလျံနာ မူကေးရှ် အမ်ဘာနီ၏ Reliance Industries တို့က ကြီးထွားလာသော စျေးကွက်ကို အပိုင်စားယူနေကြလျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိန္ဒိယ၏ လူဦးရေ ၁ ဒသမ ၃ ဘီလီယံအနက် အများအပြားသည် နေအိမ်များတွင်သာ ရှိနေခဲ့ကြရခြင်းကြောင့် အွန်လိုင်းစျေးဝယ်မှုအတွက် ဝယ်လိုအားကလည်း ခုန်တက်ထားခဲ့သည်။ 

သြဂုတ်လလယ်ပိုင်းတွင် Amazon က အိန္ဒိယ၏ ဒေသအချို့တွင် ဆေးဝါးများကို အိမ်တိုင်ရာရောက် ပို့ဆောင်မှုများကို စတင်ကမ်းလှမ်းခဲ့ချိန် ယင်းနိုင်ငံတွင် အကြီးဆုံးကော်ပိုရေးရှင်းကြီးဖြစ်သည့် Reliance ကလည်း မြန်မြန်ဆန်ဆန်ပင် ယင်းအတိုင်း လိုက်လုပ်ခဲ့သည်။ 

ထိုကဲ့သို့ လုပ်ငန်းတွင်း အသစ်ဝင်လုပ်သူများကြောင့် ယင်းနိုင်ငံတွင် နေရာအခြေတကျ ဆေးဆိုင်ဖွင့်ရောင်းချသူများအပေါ် လှုပ်ခတ်စေခဲ့သည်။ 

Amazon သည် ယခုအခါ အိန္ဒိယ၏ Silicon Valley ဟု သိကြသော တောင်ပိုင်းမြို့ Bengaluru ကဲ့သို့ နေရာများတွင် ဆရာဝန်ဆေးညွန်းပါ ဆေးဝါးများနှင့် ဆေးစာမဲ့ ဝယ်နိုင်သော ဆေးဝါးများကို ရောင်းချနေသည်။ ဝယ်ယူသူများအနေဖြင့် ၎င်းတို့၏ ဆေးညွန်းဆေးစာ ဓာတ်ပုံတစ်ပုံ တွဲကာ အော်ဒါမှာနိုင်ပြီး ဆေးဝါးတချို့အတွက် ဒစ်စကောင့်များလည်း ရရှိနေသည်။ 

အလားတူ စွမ်းအင်၊ လက်လီ၊ တယ်လီကွန်မြူနစ်ကေးရှင်းတို့ လွှမ်းခြုံပါဝင်နေသည့် လုပ်ငန်းအုပ်စုတစ်ခုတွင် ဒစ်ဂျစ်တယ် အင်ပါယာတစ်ခု တည်ထောင်ရန် ရည်ရွယ်နေသည့် Reliance Industries ကလည်း Netmeds.com ကို ဝယ်ယူခြင်းနှင့်အတူ လုပ်ငန်းကဏ္ဍထဲ ဝင်ရောက်ကြောင်း သြဂုတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။ 

Netmeds ကို အားဖြည့်ထပ်ပေါင်းနိုင်ခဲ့ခြင်းက လုပ်ငန်းအုပ်စု၏ e-commerce လုပ်ငန်းများ၏ အတိုင်းအတာကို ကျယ်ပြန့်စေကြောင်း မူကေးရှ် အမ်ဘာနီ၏ သမီး အစ်ရှာ အမ်ဘာနီက ပြောသည်။ Netmeds.com သည် ရာစုနှစ်ချီ သက်တမ်းရှိသည့် ဆေးဝါးထုတ်လုပ်သူနှင့်လက်လီလုပ်ငန်း Dadha Pharma က ပံ့ပိုးထားသည့် လုပ်ငန်းဖြစ်သည်။ 

အိန္ဒိယနိုင်ငံ၏ အွန်လိုင်း ဆေးဝါး စျေးကွက်သည် ၂၀၁၈ ခုနှစ်က ဒေါ်လာ သန်း ၅၀၀ ကျော်မျှသာ ရှိခဲ့ရာကနေ ၂၀၂၂ တွင် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ ခုနစ်ဆ ကြီးထွားမည်ဟု ခန့်မှန်းကြောင်း စျေးကွက်သုတေသနကုမ္ပဏီ Frost & Sullivan က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly