သြဂုတ် ၂၅
အမေရိကန်တွင် ပိတ်ပင်ခံရခြင်းနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ကို TikTok နှင့် ယင်း၏ ဝန်ထမ်းတစ်ဦးတို့က သြဂုတ် ၂၄ ရက်တွင် သီးခြားစွဲ တရားစွဲဆိုလိုက်သည်။
အမေရိကန်နိုင်ငံတွင်း အဆိုပါ နာမည်ကျော် တရုတ်ဗီဒီယိုဝေမျှမှု အက်ပလီကေးရှင်းနှင့်အကြား လုပ်ငန်းကိစ္စ ပတ်သက်လုပ်ကိုင်မှုများကို ပိတ်ပင်ချက် ထုတ်ပြန်သည့် ထရမ့်၏ အမိန့်ညွန်ကြားချက်နှင့်ပတ်သက်၍ TikTok ဘက်က တရားစွဲဆိုခြင်းဖြစ်သည်။
ထရမ့်သည် ရွေးကောက်ပွဲ၌ ထပ်မံအရွေးခံရရန် ကြိုးပမ်းနေစဉ် နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ပြောဆိုချက်များကို မီးထိုးပေးရန် ရည်ရွယ်ပြီး ပိတ်ပင်ချက်ကို မူမမှန်စွာ အကြောင်းပြထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း TikTok ဘက်က ပြောသည်။
TikTok သည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည် ဆိုသည့် အိမ်ဖြူတော်၏ သဘောထားထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ TikTok ရော၊ ယင်း၏ တရုတ်မိခင်ကုမ္ပဏီ ByteDance ကပါ ပယ်ချထားသည်။
အမေရိကန်ရှိ TikTok user များ၏ လုံခြုံမှုနှင့် privacy ပိုင်းကို ကာကွယ်နိုင်ရန် သာမန်ထက် လွန်ကဲသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ထားကြောင်း TikTok ဘက်က ပြောသည်။
“ကျွန်တော်တို့ဟာ အမေရိကန်အစိုးရအပေါ် တရားစွဲတာကို ပေါ့ပေါ့တန်တန် လုပ်တာမဟုတ်ပါဘူး၊ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ အမိန့်ညွန်ကြားချက်တစ်ခုက အမေရိကန်မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေအပေါ် ပိတ်ပင်ခံရဖို့ ခြိမ်းခြာက်နေတဲ့အတွက် ကျွန်တော်တို့မှာ တခြားရွေးစရာ မရှိတော့ပါဘူး၊ ဒါကြောင့် တရားစွဲရတာပါ” ဟု TikTok က ယင်း၏ ဘလော့ဂ်ပို့စ်တွင် ရေးသားခဲ့သည်။
အလားတူ TikTok ၏ နည်းပညာပရိုဂရမ် မန်နေဂျာတစ်ဦးဖြစ်သည့် ပက်ထရစ် ရိုင်ယန်ကလည်း အကယ်၍ ထရမ့်၏ ညွန်ကြားချက် အသက်ဝင်လာခဲ့ပါက လာမည့်လတွင် ၎င်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက် ၁,၅၀၀ ခန့်တို့၏ အလုပ်အကိုင်များ ဆုံးရှုံးသွားနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေ၍ ထရမ့်အစိုးရကို တရားစွဲထားခဲ့သည်ဟု သိရသည်။