အင်ဒိုနီးရှားကမ်းရိုးတန်းပြင်ပ၌ ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်

By Abc7
21 August 2020
အင်ဒိုနီးရှားကမ်းရိုးတန်းပြင်ပ၌ ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်

သြဂုတ် ၂၁

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် သြဂုတ် ၂၁ ရက်က အားပြင်းပြီး နက်ရှိုင်းသည့် ပင်လယ်ရေအောက် ငလျင်တစ်ခု လှုပ်ခဲ့သော်လည်း ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်သည် ပင်လယ်အောက် ၃၈၉ မိုင်ကျော်ကို ဗဟိုပြုခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ဘူမိလေ့လာရေးအဖွဲ့က ထုတ်ပြန်သည်။

နက်ရှိုင်းသော ငလျင်များသည် အများအားဖြင့် မြေမျက်နှာပြင်တွင် ထိခိုက်မှုအနည်းငယ်ကိုသာ ဖြစ်စေလေ့ရှိသည်။

ယင်းငလျင်သည် ဆူလာဝေစီ ပြည်နယ် အရှေ့တောင်ပိုင်းရှိ  Katabu ၏ တောင်- အရှေ့တောင်အရပ် ၁၃၆ မိုင်အကွာကို ဗဟိုပြုခဲ့ခြင်း ဖြစ်သည်။ ငလျင်သည် ကြာသပတေးနေ့ ပစိဖိတ်စံတော်ချိန် ည ၉ နာရီ ၉ မိနစ်ခန့်တွင် လှုပ်ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီက ဆူနာမီ သတိပေးချက် ထုတ်ခဲ့ခြင်း မရှိပေ။

လူဦးရေ သန်း ၂၆၀ ခန့်နေထိုင်သည့် ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် မကြာခဏဆိုသလို ငလျင်လှုပ်မှု၊ မီးတောင်ပေါက်ကွဲမှုနှင့် ဆူနာမီ ဖြစ်ပေါ်မှုတို့နှင့် ကြုံတွေ့ရတတ်ပြီး ယင်းသည် ပစိဖိတ်မီးကွင်းဟု ခေါ်သည့် ငလျင်လှုပ်မှုနှင့် မီးတောင်လှုပ်ရှားမှုကဲ့သို့ မတည်ငြိမ်သည့် ဇုန်တွင် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။

ယခုငလျင်မတိုင်မီ ယခုအပတ်အစောပိုင်းကလည်း ပြင်းအား ၆ ဒသမ ၈ နှင့် ၆ ဒသမ ၉ အဆင့်ရှိ အားပြင်းသည့် ပင်လယ်ရေအောက် ငလျင်နှစ်ခု လှုပ်ခဲ့သေးသည်။ ယင်းငလျင်များကြောင့် အထိတ်တလန့်ဖြစ်စေခဲ့သော် လည်း ထိခိုက်သေဆုံး သို့မဟုတ် ပျက်စီးမှု သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly