တရုတ်နှင့်အမေရိကန်အကြား အပတ်စဉ် လေယာဉ်ခရီးစဉ် နှစ်ဆတိုးကာပြေးဆွဲမည်

တရုတ်နှင့်အမေရိကန်အကြား အပတ်စဉ် လေယာဉ်ခရီးစဉ် နှစ်ဆတိုးကာပြေးဆွဲမည်

ဩဂုတ် ၁၉ 

တရုတ်နှင့်အမေရိကန်တို့သည်  လက်ရှိ နှစ်နိုင်ငံအကြား ပြေးဆွဲနေသော လေယာဉ်ခရီးစဉ်များကို နှစ်ဆတိုးမြှင့်ကာ တစ်ပတ်လျှင် ခရီးစဉ် ရှစ်ခုအထိပြေးဆွဲသွားမည်ဖြစ်ကြောင်း အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနက အင်္ဂါနေ့တွင်‌ ပြောသည်။  

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် အမေရိကန်လေကြောင်းလိုင်းများသည် တရုတ်သို့ပြေးဆွဲနေသည့်ခရီးစဉ်များအား ရပ်ဆိုင်းခဲ့သည်။  သမ္မတဒေါ်နယ်ထရမ့်က တရုတ်မှ အမေရိကန်သို့ဝင်ရောက်မည့် အမေရိကန်နိုင်ငံသားမဟုတ်သူအားလုံးနီးပါးကို ဇန်နဝါရီ ၃၁ ရက်က ပိတ်ပင်ခဲ့သည်။  

United Airlines က စက်တင်ဘာ ၄ ရက်မှစ၍ ဆန်ဖရန်စစ္စကိုမှ ရှန်ဟိုင်းသို့ လေယာဉ်ခရီးစဉ် လေးခုအထိ တိုးမြှင့်မည်ဟု အင်္ဂါနေ့က ပြောခဲ့ပြီး Delta Air Lines  အနေဖြင့်လည်း အပတ်စဉ် နှစ်ကြိမ်ပြေးဆွဲနေရာမှ လေးကြိမ်အထိ ပြေးဆွဲခွင့်ရှိသည်ဟု သယ်ယူပို့ဆောင်ရေးဌာနက ပြောသည်။ Delta သည် ဩဂုတ် ၂၄ ရက်မှစ၍ ဒက်ထရွိုက်နှင့်ဆီအက်တယ်မှ အပတ်စဉ် ခရီးစဉ်တစ်ခုစီကို ဆိုးလ်မှတစ်ဆင့် ရှန်ဟိုင်းသို့ ပြေးဆွဲသွားမည်ဖြစ်သည်။  

နှစ်နိုင်ငံအကြားလေကြောင်းသဘောတူညီချက်အရ တရုတ်သည် အမေရိကန်လေယာဉ်ခရီးစဉ်များအားလုံးကို ပြန်လည်ပြေးဆွဲရန် သဘောတူလိမ့်မည်ဟု အမေရိကန်အစိုးရကမျှော်လင့်ကြောင်း သယ်ယူပို့ဆောင်ရေးဌာနက ပြောသည်။ အမေရိကန်-တရုတ်သဘောတူညီချက်အရ နှစ်နိုင်ငံအကြား အပတ်စဉ် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော် ပြေးဆွဲနိုင်မည်ဖြစ်သည်။  

အမေရိကန်လေကြောင်းလိုင်းများကို ပြန်လည်ပြေးဆွဲရန် တရုတ်က ချက်ချင်းသဘောမတူခဲ့စဉ်က အမေရိကန်သည် ဇွန်လတွင် တရုတ်ခရီးသည်တင်လေယာဉ်များပြေးဆွဲမှုကို တားမြစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။  

တရုတ်အာဏာပိုင်များသည် ၎င်းတို့နိုင်ငံသို့ဝင်ရောက်မည့် ခရီးသည်များကို လေယာဉ်ပေါ်သို့မတက်မီ ကိုယ်အပူချိန်စမ်းသပ်မှုများလုပ်ဆောင်မည်ဖြစ်ကာ အမေရိကန်ခရီးသည်တင်လေယာဉ်များအတွက် ပြောင်းလဲမှုအချို့လုပ်ဆောင်ရန် မကြာသေးမီက သဘောတူခဲ့ခြင်းဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly