ထိုင်း၌ ဟိုတယ်အလုပ် လစ်လပ်နေရာ ၃၀၀ အတွက် ထောင်ပေါင်းများစွာ နံနက်မလင်းကတည်းက လာလျှောက်

ထိုင်း၌ ဟိုတယ်အလုပ် လစ်လပ်နေရာ ၃၀၀ အတွက် ထောင်ပေါင်းများစွာ နံနက်မလင်းကတည်းက လာလျှောက်

ဩဂုတ် ၁၇

ထိုင်းနိုင်ငံ၏ Miracle Group ဟိုတယ်သစ်တွင် အလုပ်နေရာ ၃၀၀ လစ်လပ်နေသည်ကို လျှောက်ထားရန် ဘန်ကောက်၊ လတ်စီခရိုင်က Miracle Grand Convention Hotel တွင် နံနက်မိုးမလင်းကတည်းက လူထောင်ပေါင်းများစွာ လာရောက်လျှောက်ထားကြသည်။

အလုပ်လျှောက်ရန်အတွက် တနင်္ဂနွေနေ့ နံနက် ၄ နာရီ မထိုးမီမှာပင် ရောက်ရှိလာသူဦးရေသည် အနည်းဆုံး ၅၀၀၀ ခန့် ရှိသည်ဟု သိရသည်။

နံနက် ၈ နာရီတွင် လျှောက်လွှာစတင်လက်ခံမည် ဖြစ်သော်လည်း အချို့က လျှောက်လွှာတင်နိုင်ရေးအတွက် ဟိုတယ်ဂိတ်ဝမှာပင် အိပ်၍ စောင့်ကြသည်ဟု ဆိုသည်။

လျှောက်လွှာလာတင်ကြသူများတွင် အခြားပြည်နယ်များမှ ကိုယ်ပိုင်ကားဖြင့် လာသူများ၊ ဘတ်စ်ကားစီး လာရောက်သူများပါ ပါဝင်ကြပြီး များပြားလှသော အလုပ်လျှောက်ထားသူများကြောင့် ဟိုတယ်၏ အမှုဆောင်များမှာ အံ့အားသင့်ကြရပြီး လျှောက်လွှာရှင်များကို ပျူပျူငှာငှာ ကြိုဆိုပြီး ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ရသည်။

ယခုလောက် လာလျှောက်သူ များလိမ့်မည်ဟု မမျှော်လင့်ထားကြောင်း Miracle Group ဥက္ကဋ္ဌဖြစ်သူ အက်စ်ဝင်းအန့်ကာကူးက သတင်းထောက်များအား ပြောသည်။

အလုပ်လာလျှောက်သူများကို သောက်ရေ၊ မုန်ပဲသရေစာနှင့် အစားအစာများ ကျွေးမွေးရန် ၎င်းက အမိန့်ထုတ်ခဲ့ပြီး ထိုမှျ များပြားသော လျှောက်ထားသူများအတွက် လျှောက်လွှာလက်ခံချိန်ကို အချိန်တစ်နာရီစောကာ လက်ခံခဲ့သည်။

“ကျွန်တော်တို့ နားလည်ပါတယ်။ သူတို့တွေ ခက်ခဲတဲ့ အချိန်တွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုပါ။ ဒါကြောင့် သူတို့ကို တလေးတစား ဆက်ဆံဖို့ ကျွန်တော့် ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်။”ဟု အက်စ်ဝင်းက ပြောခဲ့သည်။

“ကျွန်တော်တို့မှာက အလုပ်ရှိသေးတယ်။ သူတို့တွေကတော့ အလုပ်မရှိတာမို့ ကြင်ကြင်နာနာ ဆက်ဆံပေးရမယ်ဆိုတာ နည်းလည်ဖို့ ကျွန်တော်တို့ လိုတယ်။”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အလုပ်လျှောက်ထားသူ များမြောင်လှခြင်းက အေးစက်နေသော စီးပွားရေး၏ ရိုက်ခတ်မှုကြောင့်ပဲ ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly