ရန်ကန်၊ နိုဝင်ဘာ-၁၁ ။ ။ နိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲ နောက်ဆက်တွဲအနေဖြင့် လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများ ရုန်းကြွလာပြီး အကြမ်းဖက်မှုဆီသို့ ဦးတည်သွားနိုင်ကြောင်း ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေး အုပ်စုတစ်စုက သတိပေးလိုက်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင် ၁.၃သန်းအနက် ၅၀၀၀၀၀ခန့်မှာ သတ်မှတ်ချက်နှင့် ကိုက်ညီသော်လည်း ဆန္ဒမဲပေးခွင့် ပိတ်ပင်ခံထားရသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံမှ အခြေအနေများကို အနီးကပ်စောင့်ကြည့်သင့်ကြောင်း မျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေးတပ်ပေါင်းစု (United to End Genocide)က တိုက်တွန်းထားသည်။
မွတ်စလင်၊ အထူးသဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေးသဘောထားများမှာ ရွေးကောက်ပွဲနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ကြောင်း အဆိုပါ အုပ်စု၏ ကြေညာချက်တွင် ပြောကြားထားသည်။
အစိုးမရ အန္တရာယ်ကြီးမားသည့် အခြေအနေများက အကြမ်းဖက်မှုဆီသို့ ဦးတည်သွားနိုင်ပြီး စစ်တပ်အကျိုးများဖို့ ဖြစ်သွားလိမ့်မည်ဟုလည်း ကြေညာချက်တွင် သတိပေးထားသည်။ မြန်မာနိုင်ငံမှ အခြေအနေကို အနီးကပ်စောင့်ကြည့်ရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားသည်။
အစောပိုင်း မဲရလဒ်များအရ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီက စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါတီကို တောင်ပြိုကမ်းပြိုအသာစီးဖြင့် ဦးဆောင်နေသည်။
အစိုးရက ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သော်လည်း နိုင်ငံခြားသားများအဖြစ်သာ ယူဆပြီး အတိုက်အခံပါတီကရော၊ အာဏာရပါတီကပါ တနင်္ဂနွေ ရွေးကောက်ပွဲတွင် မွတ်စလင်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ကိုမျှ ရွေးချယ်ယှဉ်ပြိုင်စေခြင်းမရှိခဲ့ပေ။