မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံနှင့် UNDP မှ ရွေးကောက်ပွဲမှင်များ ထောက်ပံ့မည်

မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံနှင့် UNDP မှ ရွေးကောက်ပွဲမှင်များ ထောက်ပံ့မည်
Photo Creadit - မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး

သြဂုတ် ၁၅ရက်

ဂျပန်နိုင်ငံ၏ ယန်းငွေ ၁၈၁ သန်းထောက်ပံ့ငွေဖြင့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုရန် ရွေးကောက်ပွဲ မှင်များကို ဂျပန်နိုင်ငံနှင့်ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့မှပူးပေါင်းကာ ထောက်ပံ့ပေးသွား မည်ဖြစ်သည်။

ယင်းသို့ ရွေးကောက်ပွဲမှင်များ ထောက်ပံ့ရန် သြဂုတ်လ ၁၄ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရူရာမာအီချီယိုနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဒုတိယဌာနေ ကိုယ်စားလှယ် မစ္စဒေါန်းဒယ်လ်ရီယိုတို့က နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ၎င်းလက်မှတ်ရေးထိုးမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဗီဒီယိုကွန့်ဖရင့်မှတဆင့် ပါဝင်တက်ရောက်ခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ ဆန္ဒမဲပေးသူတို့၏ လက်သန်းတွင် တို့ပေးရသည့် ရွေးကောက်ပွဲသုံးမှင်ပုလင်း ၁၁၃၀၀၀ ကို ထောက်ပံ့ပေးသွားမည်ပြီး ယင်းမှင်များတွင် Silver Nitrate ၂၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် နိုင်ငံတကာစံသတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလို ထောက်ပံ့ခြင်းသည် လွပ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးသွားမည်ဖြစ် ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရူရာမာအီချီယိုက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

 “ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် ဆယ်စုနှစ်နှင့်ချီ၍ ကူညီပံ့ပိုးလာခဲ့ပါ ကြောင်း၊ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်အတွက် အဓိကကျသော အစိတ်အပိုင်းတစ် ခုဖြစ်ပါကြောင်း၊ ယခုပံ့ပိုးကူညီမှုမှတစ်ဆင့် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား ခိုင်မာလေးနက်သည့် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ထပ်မံအတည်ပြုလိုကြောင်း” ဟု  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရူရာမာအီချီယိုက ပြောကြားခဲ့သည်။

ကုလသမ္မဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ဒုတိယဌာနေကိုယ်စားလှယ် မစ္စဒေါန်းဒယ်လ်ရီယိုကလည်း အထွေထွေရွေးကောက်ပွဲများကျင်းပပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် လုပ်ငန်းစဉ် တွင် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောခဲ့သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဂျပန်နိုင်ငံတို့သည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင်လည်း ရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly