စီးပွားရေးဩဇာကြောင့် တရုတ်က အမေရိကန်အတွက် ဆိုဗီယက်ထက် စိန်ခေါ်မှု ပိုကြီးဟု ပွန်ပီယို ပြော 

စီးပွားရေးဩဇာကြောင့် တရုတ်က အမေရိကန်အတွက် ဆိုဗီယက်ထက် စိန်ခေါ်မှု ပိုကြီးဟု ပွန်ပီယို ပြော 

သြဂုတ် ၁၃

တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဩဇာက ယင်း ကွန်မြူနစ်နိုင်ငံကို တန်ပြန်ရာ၌ စစ်အေးကာလ ဆိုဗီယက်ပြည်ထောင်စုထက်ပင် ပိုပြီး ခက်ခဲစေသော ရန်သူအဖြစ်ကို ရောက်ရှိစေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ချက်သမ္မတနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိသည့် ခရီးစဉ်အတွင်း ပြောသည်။ 

တရုတ်ကွန်မြူနစ်ပါတီ CCP ကို စုရုံးဆန့်ကျင်ရန် ဥရောပတစ်လွှားမှ နိုင်ငံများကို ပွန်ပီယိုက တိုက်တွန်းသည်။ တရုတ်၏ စီးပွားရေးအင်အားသည် ကမ္ဘာတစ်လွှား ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ပို၍ ကြီးမားစေလိမ့်မည်ဟု ပွန်ပီယိုက ဆိုသည်။ 

“ဒါဟာ ဒုတိယစစ်အေး ဖြစ်နေတာ မဟုတ်ဘူး။ CCP ရဲ့ ခြိမ်းခြောက်မှုကို ခုခံရေး စိန်ခေါ်မှုတွေဟာ ပိုပြီး ခက်ခဲလာပြီ။”ဟု ချက်လွှတ်တော်၌ မိန့်ခွန်းပြောရာတွင် ပွန်ပီယိုက ထည့်သွင်းပြောသည်။ 

“CCP ဟာ ကျွန်တော်တို့ စီးပွားရေး၊ ကျွန်တော်တို့ နိုင်ငံရေး၊ ကျွန်တော်တို့ လူအဖွဲ့အစည်းအတွင်းထဲ ရောက်ရှိနေပြီ ဖြစ်တယ်။ ဒါမျိုးဟာ ဆိုဗီယက်ပြည်ထောင်စုတောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။”ဟု ၎င်းက ဆိုသည်။ 

ယခုကဲ့သို့ ပွန်ပီယိုက စစ်အေးကာလကို ရည်ညွန်းပြောလာခြင်းသည် ပြီးခဲ့သည့်လက ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီး၏ သတိပေးစကား ဆိုလာပြီးနောက် ဖြစ်သည်။ တရုတ်သံအမတ်ကြီးက အမေရိကန်နိုင်ငံသည် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမတိုင်ခင် တရုတ်ကို စစ်မြူနေသည်ဟု သတိပေးပြောဆိုခြင်း ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ ယခုနှစ်၌ အလျင်အမြန် ယိုယွင်းလာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အား တရုတ်၏ ကိုင်တွယ်ပုံ၊ ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးအရေးကိစ္စ၊ တောင်တရုတ်ပင်လယ်အား တရုတ်၏ အပိုင်ပြုမှုနှင့် ဟောင်ကောင်ကို အာဏာသုံးနှိပ်ကွပ်ခြင်းတို့ အပါအဝင် ပြဿနာကိစ္စရပ်များနှင့် ပတ်သက်ကာ ဆက်ဆံရေး ဆိုးဝါးလာခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly