ဩဂုတ် ၁၁
နာဆာ၏ အင်္ဂါဂြိုဟ်မစ်ရှင်တစ်ခုဖြစ်သည့် MAVEN (Mars Atmosphere and Volatile Evolution) အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို လှည့်ပတ်လေ့လာရန် ၂၀၁၃ ခုနှစ်ကတည်းက လွှတ်တင်ထားခြင်းဖြစ်သည်။ ယခုအခါ လေထုအတွင်း ထူးခြားဆန်းပြားပြီး မျှော်လင့်မထားသော အခြေအနေပုံရိပ်အသစ်များကို MAVEN က ဖမ်းယူရရှိခဲ့သည်။
“အမြင့်ဆုံးနဲ့အနိမ့်ဆုံးအလွှာအကြား လေထုစီးကြောင်းက ဓာတ်ငွေ့တွေကိုသယ်ဆောင်တဲ့ အရေးပါတဲ့နေရာဖြစ်တဲ့ အင်္ဂါဂြိုဟ်ရဲ့ အလယ်ဗဟိုလေထုအတွင်းက လှုပ်ရှားမှုတွေကို MAVEN ကနေမြင်ခဲ့ရပါတယ်” ဟု ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါမြို့ရှိ လေထုနှင့်အာကာသဗေဒ တက္ကသိုလ် (LASP ) မှ ရူပနက္ခတ္တဗေဒနှင့်ကမ္ဘာ့လေထုဆိုင်ရာ ပါမောက္ခ Nick Scheider က နာဆာ၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ Scheider သည် ဤလေ့လာချက်များကို ပြုလုပ်ခဲ့သော ခရမ်းလွန်ရောင်စဉ်တိုင်းတာသည့်ကိရိယာအတွက် ဦးဆောင်သူတစ်ဦးဖြစ်ပြီး လေ့လာမှုအသစ်၏ တွေ့ရှိချက်များကို ရေးသားသူလည်းဖြစ်သည်။
အင်္ဂါဂြိုလ်၏လေထုသည် နွေဦးရာသီနှင့်ဆောင်းဦးရာသီအချိန်အတွင်း၌ ညစဉ် သုံးကြိမ်တိတိ ညအချိန်အလင်းရောင်တောက်ပမှုများ ဖြစ်ပေါ်ကြောင်း ဖမ်းယူရရှိသောပုံရိပ်များက ဖော်ပြနေသည်။ ဂြိုဟ်၏ ဆောင်းရာသီဝင်ရိုးစွန်းဒေသများ၌လည်း အလင်းလှိုင်းများ တောက်ပခြင်းများကို မြင်တွေ့ရသည်။
အင်္ဂါဂြိုဟ်တွင် ညအချိန် ခရမ်းလွန်ရောင်ခြည် တောက်ပမှုသည် ဂြိုဟ်၏ အေးသောဝင်ရိုးစွန်းများ၌ အတောက်ပဆုံးဖြစ်သည်ဟူသော ဥရောပအာကာသအေဂျင်စီ (ESA) မှ လွှတ်တင်သည့် Mars Express အာကာသ ယာဉ်၏ ပထမဆုံးတွေ့ရှိချက်ကို MAVEN မစ်ရှင်က အတည်ပြုနိုင်ခဲ့သည်။
လေစီးကြောင်းသည် ဓာတ်ငွေ့များကို သိပ်သည်းဆပိုများသောနေရာသို့ သယ်ဆောင်သည့်အခါ အဆိုပါ အလင်းတောက်ပမှုကို ဖြစ်စေခြင်းဖြစ်သည်။ ၎င်းရွေ့လျားမှုသည် တောက်ပမှုကိုဖြစ်စေသော နိုက်ထရစ်အောက်ဆိုဒ်ကိုဖန်တီးသည့် ဓာတ်ပြုမှုကို အရှိန်မြင့်စေပြီး ခရမ်းလွန်ရောင်ခြည်အလင်းထဲတွင် မြင်ရခြင်းသာဖြစ်သည်။
“ခရမ်းလွန်ရောင်ခြည်တောက်ပမှုက ကမ္ဘာ့မြောက်ပိုင်းက အလင်းတွေလောက်ကို တောက်ပပါတယ်။ ဝမ်းနည်းစရာကောင်းတာက အင်္ဂါဂြိုဟ်ရဲ့လေထုဖွဲ့စည်းပုံအရ အဲဒီတောက်ပတဲ့ အစက်အပြောက်တွေက မြင်နိုင်တဲ့လှိုင်းအလျားနဲ့ အလင်းကို မထုတ်လွှတ်နိုင်တာပါပဲ၊ အနာဂတ် အင်္ဂါဂြိုဟ် အာကာသယာဉ်မှူးတွေကတော့ မြင်နိုင်လိမ့်မယ်” ဟု LASP မှ သုတေသီကျောင်းသား Zac Milby အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လေထုအတွင်းရှိ အလင်းလှိုင်းအရေအတွက်နှင့် မြန်နှုန်းကိုလည်း အင်္ဂါဂြိုဟ်ပေါ်ရှိ နေ့စဉ် နေအပူချိန်နှင့် မီးတောင်များ၏လှုပ်ရှားမှုများက လွှမ်းမိုးထားသည်ဟု နောက်ထပ်လေ့လာချက်များက ဖော်ပြခဲ့သည်။ အင်္ဂါဂြိုဟ်အလယ်ဗဟိုလေထုရှိ လှိုင်းများသည် ကမ္ဘာ့လေထု၏ တခြားအလွှာများရှိ လှိုင်းများနှင့် မည်ကဲ့သို့ဆင်တူကြောင်း MAVEN အာကာသယာဉ်မှ ဖမ်းယူရရှိခဲ့သော အလင်းတောက်ပမှုများက ရှင်းလင်းစွာ ပြသလျက်ရှိသည်။
MAVEN မစ်ရှင်၏ လေထုဆုံးရှုံးမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဓိကတွေ့ရှိချက်များသည် ကမ္ဘာ့ဝန်းကျင်နှင့်မျက်နှာပြင်မှ အာကာသစွန်းအထိ လေထုဓာတ်ငွေ့များသယ်ယူပို့ဆောင်ပေးသည့် ကြီးမားကျယ်ပြန့်သော လည်ပတ်မှုပုံစံများ၏အရေးကြီးပုံကို ပြသသည်ဟု LASP မှ တွဲဖက်သုတေသီ Sonal Jain က ပြောသည်။
ဤတွေ့ရှိချက်ကို Geophysical Research, Space Physics သိပ္ပံဂျာနယ်တွင် ဩဂုတ်လ ၆ ရက်က ဖော်ပြခဲ့သည်။