အမေရိကန်ရွေးကောက်ပွဲဆိုင်ရာအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ တရုတ်က ဆိုက်ဘာတိုက်ခိုက်မှုများလုပ်နေဟု ဆို

အမေရိကန်ရွေးကောက်ပွဲဆိုင်ရာအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ တရုတ်က ဆိုက်ဘာတိုက်ခိုက်မှုများလုပ်နေဟု ဆို

ဩဂုတ် ၁၀

တရုတ်အစိုးရနှင့်ချိတ်ဆက်မှုရှိသော ဟက်ကာများသည် ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်လျက်ရှိပြီး တရုတ်၏ဝင်ရောက်စွက်ဖက်မှုပိုမိုအတင့်ရဲလာသည်ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က တနင်္ဂနွေနေ့တွင် ပြောသည်။

သောကြာနေ့ကလည်း အမျိုးသားထောက်လှမ်းရေးဒါရိုက်တာရုံး (ODNI) ၏ ထုတ်ပြန်ချက်တွင် တရုတ်တို့သည် ၎င်းတို့ဩဇာအာဏာလွှမ်းမိုးမှုကို နယ်ချဲ့နေသည်ဟု ဖော်ပြထားသည်။ သို့သော် အမေရိကန်ရွေးကောက်ပွဲ ဆိုင်ရာစနစ်များနှင့်စပ်လျဉ်း၍ ပေကျင်း၏ ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို အတိအကျစွပ်စွဲပြောဆိုခဲ့ခြင်းမရှိပေ။  

“ သူတို့က သမ္မတ ရှုံးနိမ့်တာကို မြင်ချင်နေတာပါ။ တရုတ်က ရုရှားနဲ့အီရန်တို့လိုပဲ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဝက်ဘ်ဆိုက်တွေလိုမျိုး အခြေခံအဆောက်အအုံတွေကို အတုအယောင် လိုက်လုပ်တာတွေ ရှိနေပါတယ်” အိုဘရိုင်ယန်က ဆိုသည်။

အမေရိကန်ကုမ္ပဏီများ၊ နိုင်ငံရေးသမားများ သို့မဟုတ် အစိုးရအေဂျင်စီများကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်သည်ဆိုသော အမေရိကန်၏စွပ်စွဲချက်များကို တရုတ်တို့က အမြဲလိုလို ငြင်းဆန်ခဲ့သည်။  

“အမေရိကန်သမ္မတရွေးကောက်ပွဲဟာ ပြည်တွင်းရေးကိစ္စပါ။ ကျွန်တော်တို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ စိတ်မဝင်စားပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဧပြီလတွင် ပြောခဲ့သည်။

ဟက်ကာများသည် အမေရိကန်များ၏ အချက်အလက်ကောက်ယူခြင်းနှင့် ဒေသန္တရအဆင့်ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲရန် တာဝန်ရှိသော နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အတွင်းရေးမှူးရုံးများပို်ငဆိုင်သည့် ဝက်ဘ်ဆိုက်များကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု အိုဘရိုင်ယန်ကဆိုသည်။  

ရန်သူများသည် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲစနစ်များကို ထိုးဖောက်ရန်နှင့် အမေရိကန်နိုင်ငံရေးသမားများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ အပေးအယူရနိုင်ရန် ကြိုးပမ်းနေသည်ဟု ODNI က ယခင်က ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်သည် သမ္မတဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရမည်ကို မလိုလားပေ။

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ သုံးသပ်ချက်များစွာတွင် ရုရှားသည် ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် ထရမ့်အသာစီးရစေရန် ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့ပြီး ပြိုင်ဘက် ဟီလာရီကလင်တန်ကို အားလျော့စေခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly