ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဒုရဲမှူးဟောင်း မိုးရန်နိုင်

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ဒုရဲမှူးဟောင်း မိုးရန်နိုင်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

သြဂုတ် - ၉

၂၀၁၉ ပြည်သူ့ဂုဏ်ရည်အထူးဆု၊ 7Day သတင်းဂျာနယ်က ချီးမြှင့်တဲ့ သူရဲကောင်းဆုတွေရထားတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိမြိုဖြစ်တဲ့ ခင်ဦးမြို့ကနေဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်ထားပါတယ်။

သူဟာ ရိုက်တာသတင်းထောက်နှစ်ဦးအမှုမှာ သက်သေလိုက်ရင်း ထွက်ဆိုချက်တချို့ကြောင့် ထောင်ဒဏ်တစ်နှစ်ကျခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ကမ်းလှမ်းခဲ့ဖူးပေမယ့်လည်း လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအမတ်လောင်းတစ်ဦးအနေနဲ့ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။ ဘာကြောင့်ပါလဲ။ မဇ္ဈိမ အကြီးတန်းသတင်းထောက် စိုးသူအောင်က ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။     ။ရွေးကောက်ပွဲကိုဘယ်ကနေဝင်ပြိုင်မှာလဲ

ဖြေ ။       ။ စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော်ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ကနေဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဒေသအရဆိုရင်တော့ ခင်ဦးမြို့ရဲ့မြောက်ခြမ်းပေါ့။ ကိုယ်စားလှယ်လောင်းစာရင်းတင်တာကတော့ ဒီလ (ဩဂုတ်လ) ၇ ရက်နေ့ကတင်တာ။ သူတို့စီစစ်ပြီး ပြန်အကြောင်းကြားမှာပါ ၁၂ ရက်နေ့ပါ။

မေး ။     ။ ဘာကြောင့်ခင်ဦးမြို့နယ်ကိုရွေးပြီးဝင်ပြိုင်ဖြစ်တာလဲ။

ဖြေ ။       ။ ခင်ဦးဆိုတာတကယ်တမ်းက ကျွန်တော့်ဇာတိပဲလေ။ အဲ့တော့ လက်ရှိလည်းနေထိုင်တာ၊ ကိုယ့်ဒေသဆိုတော့ ကိုယ့်လည်းသိတယ်ပေါ့။ တစ်သီးပုဂ္ဂလအ‌နေနဲ့ဝင်ပြိုင်တာပါ။ ဘယ်ပါတီမှမဝင်ပါဘူး။

မေး ။     ။ ဘာကြောင့်တစ်သီးပုဂ္ဂလအနေနဲ့ဝင်ပြိုင်ဖြစ်တာလဲ။

ဖြေ ။     ။ တစ်သီးပုဂ္ဂလရွေးရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လျှင်လျှင်မြန်မြန်လုပ်နိုင်တယ်။ပြည်သူလူထုတွေရဲ့ဆန္ဒကိုကိုယ်က တိုက်ရိုက်၊ မြန်မြန်ဆန်ဆန်ထိတွေ့ပြီး တင်ပြနိုင်တဲ့အားသာချက်ရှိတယ်။နောက်တစ်ခု လက်ရှိတချို့ဒေသတွေမှာ ပြည်သူတွေကြုံတွေ့နေရတဲ့အခက်ခဲတွေကို လွှတ်တော်အမတ်တင်ပြရာမှာလွှတ်တော်အမတ်တင်ပြလို့တင်ပြရမှန်းမသိ၊ တချို့ပြဿနာတွေမှာဘယ်သူ့တိုင်လို့တိုင်ရမလဲမသိနဲ့အများကြီးတွေ့နေတာရှိတယ်။ ကိုယ်ကတစ်သီးပုဂ္ဂလအနေနဲ့ဆိုရင်ပြည်သူလူထုရဲ့အခက်အခဲတွေကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်ပေးနိုင်တာကြောင့် တစ်သီးပုဂ္ဂလကို သဘောကျလို့ရွေးချယ်ရခြင်းဖြစ်ပါတယ်။ တခြားအကြောင်းတွေလဲအများကြီးရှိပါတယ်။ ဒါကတော့ ရွေးချယ်ရတဲ့အဓိကအကြောင်းအရင်းထဲကတစ်ခုကိုပြောပြတာပါ။

မေး ။     ။ အရင်တုန်းကကောနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ဖူးလား။  

ဖြေ ။       ။ ကျွန်တော် ၁၉၈၈ မှာဆယ်တန်းကျောင်းသားအနေနဲ့တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေးနဲ့  ဗကသကျောင်းသားတစ်ယောက်အနေနဲ့ဝင်ပြီးလှုပ်ရှားတယ်။ ဆောင်ရွက်တယ်။ လှုပ်ရှားမှုပြီးတော့ ကျောင်းပြန်တက်တယ်။ ဘွဲ့ရပြီးတော့ဝန်ထမ်းလောကထဲရောက်သွားတယ်။ တကယ်တမ်းက နိုင်ငံရေးကို ၈၈ ထဲကဆောင်ရွက်ဖူးပါတယ်။

မေး ။     ။ရွေးကောက်ပွဲမှာဝင်ရွေးခံဖို့ဖြစ်သွားတဲ့အကြောင်းရင်းတစ်ခုလောက်ပြောပါဆိုရင် ဘာများဖြစ်မလဲခင်ဗျ။

ဖြေ ။       ။ အကြောင်းအရင်းတွေကတော့ အများကြီးပေါ့ဗျာ။ အဲ့အထဲက ဥပမာပြောရမယ်ဆိုရင် တစ်ပါတီအာဏာရှင်ခေတ်ဆိုရင် တင်စားပြီးပြောရမယ်ဆိုရင် ဥပမာပေါ့ဗျာ။ ပါတီစွဲတဲ့လူက သူအာဏာရလာတဲ့အခါ သူ့ဒေသလေးတစ်ခုပဲကွက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်။ ဒီသဘောတရားတွေပေါ့။ ဒီဘက်ခေတ် အရပ်သားအစိုးရဘက်ရောက်တဲ့အခါ သူတို့လည်း ဘာပြောင်းလဲသွားလဲဆိုတော့ အဲ့သဘောပဲဖြစ်နေတယ်။ ငါကဒီရပ်ကွက်က ကိုယ့်ရပ်ကွက် ကိုယ့်လမ်းတစ်ဝိုက်ပဲ အများအတွက် ကြည့်လာတာမတွေ့ဘူး။ တစ်နည်းအားဖြင့် အတ္တတွေပါလာတယ်ပေါ့ဗျာ။ ဒါမျိုးလေးတွေစိတ်တိုင်းမကျဘူး။ အဲ့တာမို့လို့ ငါသာဘာလုပ်လို့ရှိရင်တော့ မျှမျှတတဆောင်ရွက်နိုင်မှာပဲဆိုပြီးတော့ အဲ့ဒီအချက်တစ်ချက်ကလဲပါပါတယ်။ အဲ့တာကြောင့် ကျွန်တော်ဝင်ဖြစ်တာ။

မေး ။     ။ခင်ဦးမြို့ နယ်မှာအဓိကပြိုင်ဘက်ပါတီတွေက ဘယ်ပါတီတွေဖြစ်နိုင်မလဲ။

ဖြေ ။    ။ အဓိကပြိုင်ဘက်ပါတီက အစိုးရရဲ့ပါတီက အဓိကပါမှာပေါ့။ နောက်ဒုတိယပါတီက ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလဲအင်အားကောင်းတာပဲ။ အင်အားကောင်းတဲ့ပါတီတွေကတော့ အဓိကပြိုင်ဘက်ဖြစ်တယ်။ ဒါပေမယ့် ကျန်တဲ့ပါတီတွေလဲ ရှိနေပါသေးတယ်။ အားလုံးကတော့ ပြိုင်ဘက်ကောင်းတွေပါ။  

မေး ။     ။ရွေးကောက်ပွဲကနေ အနိုင်ရပြီးလွတ်တော်ထဲရောက်သွားခဲ့ရင်ဘာတွေအဓိကထားလုပ်ဆောင်သွားဖို့ရှိလဲခင်ဗျ။

ဖြေ ။       ။ ဘာအဓိကလုပ်မလဲဆိုတော့ ဒါကကျယ်ပြန့်ပါတယ်။ ကျွန်တော်ရွေးကောက်ပွဲနိုင်လို့ရှိရင် ပြည်သူလူထုနဲ့ထပ်မံတွေ့ဆုံပြီတော့မှ ပြည်သူလူထုနဲ့တွေ့ဆုံပြီး တင်ပြပြီးတော့မှဆောင်ရွက်သွားမှာပါ။ ဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်တော်က ပြည်သူလူထုကို ဘာကြောင့်လဲဆိုတာချပြပြီးမှ အကောင်းဆုံးတိုင်ပင်ပြီးမှဆောင်ရွက်မှာပါ။ အဲ့တော့ ဘယ်ဟာကအဓိကဖြစ်မယ်ဆိုတာပြောဖို့စောပါသေးတယ်။

မေး ။     ။ လွတ်တော်အမတ်လောင်းတစ်ယောက်အနေနဲ့ ခင်ဦးမြို့နယ်မှာဘာတွေလိုအပ်တာရှိတယ်လို့သုံးသပ်ထားတာရှိလဲ။

ဖြေ ။       ။ လိုအပ်မှုတွေကတော့များပါတယ် ။ဒါကတော့ ကျွန်တော်ပြောဖို့စောပါသေးတယ်။  

မေး ။        ။  ဖြည့်စွက်ပြောပြလိုတာများရှိလားခင်ဗျ။

ဖြေ ။        ။  လောလောဆယ်ဖြည့်စွက်ပြောချင်တာကတော့ ပြည်သူလူထုက ဘာသိရမလဲဆိုတာ။ ဥပမာဗျာ- ဘယ်ပါတီကတော့  ဘယ်လိုသွားနေတယ်ဆိုတာ ပြည်သူလူထုကအများဆုံးသိကြပါတယ်။ အဲ့တာမို့လို့ ကျွန်တော်တို့ တစ်သီးပုဂ္ဂလအနေနဲ့ ဘာကြောင့်မို့လို့များ ပါတီကြီးတွေ၊ အင်အားကြီးပါတီတွေကတော့ ဗဟိုအစိုးရဖွဲ့စည်းနိုင်ဖို့ အဓိကထားမှာပေါ့။ ကျွန်တော်တို့ တစ်သီးပုဂ္ဂလအနေနဲ့ ပြည်သူလူထုကဘာသဘောပေါက်ရမလဲဆိုတော့။ ပြောချင်တဲ့သဘောကဗျာ ဗဟိုအစိုးရဖွဲ့စည်းနိုင်တဲ့ပါတီကြီးတစ်ခုက တိုင်းဒေသကြီးမှာ တစ်ယောက်ပဲနိုင်တယ်ဆိုရင် အဲ့ဒီတိုင်းဒေသကြီးမှာ ဝန်ကြီးချုပ်ထားပြီးချုပ်ကိုင်လို့ရတဲ့အနေအထားတွေရှိတယ်လေ။ ပြောချင်တဲ့သဘောက တိုင်းဒေသကြီးလွှတ်တော်ထဲမှာ ရွေးချယ်တဲ့ မည်သည့်ပါတီကိုမဆို ဒီသဘောတရားတွေနားလည်ပြီးတော့ ရွေးချယ်ကြဖို့တိုက်တွန်းလိုတာပါ။ ကျန်တာတော့မရှိပါဘူး။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly