ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲဝင်မည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲဝင်မည်
Photo - TimeAyeyar

ဩဂုတ် ၄
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိအဖြစ် လုပ်ဆောင်ခဲ့သူ ဒေါက် တာတင်မာအောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာတင်မာအောင်ဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တောင်ကုတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ကနေ ဝင်ရောက်ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောပါတယ်။

“ဒေါက်တာတင်မာအောင်အပါအဝင် ဒေါ်ထုမေတို့က ပြည်သူတွေရဲ့ ယုံကြည်မှုကို ခံရတဲ့သူတွေပေါ့နော်။ အဲ့တော့ ဒေါက်တာတင်မာအောင် ပါလာတဲ့အတွက် ပြည်သူယုံကြည်တဲ့လူတစ်ယောက်ပါလာတဲ့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကို နဂိုကတည်းက နိုင်ငံရေးဖြတ်သန်းမှုအစဉ်အလာကြီးမားတဲ့ ပါတီတစ်ခု အနေနဲ့ ပိုပြီးအားသာစေ တယ်ပေါ့နော်။” ဟု ဦးဦးလှမြင့်က ပြောပါတယ်။

 Photo - TimeAyeyar

ဒေါက်တာတင်မာအောင်ဟာ ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ(ALD)ပါတီကိုတည်ထောင်ခဲ့သူ  ဒေါက်တာစောမြ အောင်ရဲ့ သမီးဖြစ်ပြီး ALD ပါတီကို ၂၀၁၇ ခုနှစ်က ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးဦးလှမြင့်က ပြောပါတယ်။

“ သူ့ရဲ့အဖေထူထောင်ခဲ့တဲ့ပါတီဖြစ်တယ်။ ပါတီအပေါ်မှာ သံယောဇဉ်ရှိတယ်။၂၀၁၇ထဲက ကျွန်တော်တို့ဆီမှာ ပါတီဝင်ဖြစ်လာတယ်။ ပြီးရင် သူ့အစ်မဖြစ်သူကလည်း ၂၀၁၂မှာကတည်းက ဗဟိုအလုပ်မှုဆောင်ဖြစ်ခဲ့တယ်။ ဒါဟာစဉ်ဆက်မပြတ် သူတို့ရဲ့မိသားစုဟာ ကျွန်တော်တို့ပါတီရဲ့ ထိပ်တန်းတာဝန်တွေကို ထမ်းဆောင်နေတဲ့ မိသားစုဖြစ်တဲ့အပြင် ဒေါက်တာတင်မာအောင်ရဲ့ ခေတ်ပညာအရည်အချင်း၊ သူရဲ့အတွေ့အကြုံဖြတ်သန်းမှု တွေက အများကြီးဖြစ်တဲ့အတွက် ရင့်ကျက်နေပြီးသား နိုင်ငံရေးသမား တစ်ဦးဖြစ်တာမို့ ကျွန်တော်တို့အတွက် ခိုင်လုံသွားတာပေါ့နော်” ဟုဦးဦးလှမြင့်ကပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၁နေရာမှာ အနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့  ရခိုင်အမျိုးသားပါတီ(ANP) နဲ့ ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှာ ၂၅နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၂၂နေရာ ရထားတဲ့ ပါတီတစ်ခုလည်းဖြစ်ပါတယ်။  

လာမည့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်း ၂၄နေရာ ရွေးချယ်ထားပြီး ဒေါက်တာတင်မာ အောင် တစ်ဦးသာလျှင် အမျိုးသမီးကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ ALDပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ထုမေကတော့ တစ်သီးပုဂ္ဂလ အနေနဲ့ ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။

ဒေါက်တာတင်မာအောင်ဟာ ၁၉၉၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ထပ်မံလွှတ်မြောက် တဲ့ အချိန်ကစတင်ပြီး NLDပါတီနဲ့ လက်တွဲဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်ခဲ့သလို NLD ပါတီဥက္ကဋ္ဌရုံးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌနဲ့ နိုင်ငံခြားသံတမန်တွေ၊ အရာရှိတွေနဲ့တွေ့ဆုံမှု၊ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေအတွက် တာဝန်ယူဆောင်ရွက်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly