ရခိုင်တောင်ပိုင်းမှာ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်

ရခိုင်တောင်ပိုင်းမှာ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်
Photo - EPA

ဩဂုတ် ၃

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တောင်ပိုင်းမှာပဲ ပါတီအများစု ဝင်ပြိုင်သည့်အတွက် ရခိုင်ပါတီ အချင်းချင်းနှင့် ပြည်မပါတီကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် အနေအထားရှိကြောင်း နိုင်ငံရေးပါတီများကသုံးသပ်ထားကြသည်။

 ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ရဲ့ ဗဟိုအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က“တောင်ပိုင်းဘက်မှာတော့ အတိုင်းအတာတစ်ခုထိ တည်ငြိမ်အေးချမ်းတယ်။ အဲဒီဘက်မှာ ရခိုင်ကိုယ်စားပြုပါတီတွေနဲ့ ပြည်မဘက်က ပါတီတွေအနေနဲ့ရော တောင်ပိုင်းမှာပဲ အကုန်လုံးဝင်ပြိုင်ကြတယ်ဆိုတော့ အဲဒီဖက်မှာတော့ ပြိုင်ဆိုင်မှုက နည်းနည်းမြင့်မယ်ပေါ့နော်။” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီများ၏ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ချက်ထဲမှာ လက်ရှိတိုက်ပွဲ ဖြစ်နေသည့် ရခိုင်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ ဝင်မပြိုင်သည်ကို တွေ့ရပြီး ရခိုင်တောင်ပိုင်း ဖြစ်သည့် အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွမြို့နယ်များတွင် အဓိက ဝင်ရောက်ပြိုင်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နေရာ အများစုအနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနှင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

သို့သော်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရှုံးနိမ့်ခဲ့သည့် ရခိုင်တောင်ပိုင်း သံတွဲခရိုင်မှာ အကြိတ်အနှယ်ယှဉ်ပြိုင်မှာရမည့် အနေအထားရှိကြောင်း နိုင်ငံရေးနှင့် မူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

Photo - EPA

“၂၀၁၅ မှာ မနိုင်ခဲ့တဲ့ သံတွဲခရိုင်က သုံးမြို့နယ်၊ တောင်ကုတ်၊ ဂွ၊ သံတွဲ အဲဒီနေရာတွေမှာ ကျနော်တို့ မနိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ တောင်ကုတ်မြို့နယ်မှာ ဆိုရင် ပါတီစုံသလောက်နီးပါး ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းတင်သွင်းထားတာကို တွေ့ရတယ်။ ပါတီစုံသလောက်ဖြစ်တဲ့အတွက် သံတွဲခရိုင်မှာတော့ အကြိတ်အနှယ် ယှဉ်ပြိုင်ရမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင့်ရှေ့ဆောင်ပါတီ (AFP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့က ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရှိနေသည်။

ALD ပါတီအနေဖြင့် လာမယ့်ရွေးကောက်ပွဲတွင် ရခိုင်တောင်ပိုင်းက မဲဆန္ဒနယ်မြေ အားလုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်ပြီး ရခိုင်မြောက်ပိုင်းမှာဆိုရင် ကျောက်တော်မြို့နယ်တစ်ခုမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ALD ပါတီက ကိုယ်စားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာသလို ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်ရှိ မြို့နယ်များတွင် အများစုအနိုင်ရရန် မျှော်မှန်းထားသော်လည်း မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ အမ်းစသည့် မြို့နယ်များမှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ကြောင်း ဦးမျိုးကျော်က ဆိုသည်။

တပ်မတော်နှင့် ရခိုင့်တပ် (အေအေ) တို့ တိုက်ပွဲကြောင့် ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်၊ မဖြစ် မသေချာသည့် အခြေအနေကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှာ စုပြုံပြီး ရွေးကောက်ပွဲဝင်ကြခြင်း ဖြစ်ကြောင်း နိုင်ငံရေးပါတီများဘက်က ပြောထားသည်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly