ကော့မှူးမဲဆန္ဒနယ်ကနေ UNDPပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့် ဝင်ပြိုင်မည်

ကော့မှူးမဲဆန္ဒနယ်ကနေ UNDPပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့် ဝင်ပြိုင်မည်
ဓုတ်ပုံ - တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်

ဩဂုတ် ၂

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က နိုင်ငံ‌တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်အရွေးခံမည့် ကော့မှူးမြို့နယ်တွင် ဝင်ရောက်အရွေးခံမည်ဖြစ်ကြာင်း မဇ္ဈိမကို ပြောသည်။

ဦးဒေးဗစ်လှမြင့်က''‌ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်ရမှာကို စိုးရိမ်စိတ်တော့မရှိဘူး။ ဆုံးဖြတ်ချက်က ချထားပြီးသားဗျ။ ရွေးကောက်ပွဲကို ဒီမဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာကို ဆုံးဖြတ်ချက်ချထားပြီးဖြစ်တဲ့အတွက် ဘယ်လိုပဲကြုံရကြုံရ ရွေးကောက်ပွဲကို နောက်မဆုတ်ဘဲ ရှေ့ကိုဆက်ပြီးသွားမှာပါ” ဟုမဇ္ဈိမသို့ပြောသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် တာဝန်ပေးလိုက်သည့် ကြေညာချက်တစ်စောင်ကို သြဂုတ်လ၂ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဦးဒေးဗစ်လှမြင့်က “ ပါတီစထောင်ပြီးကတည်းက ဗဟိုအလုပ်အမှုဆောင်တွေက ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မယ်ဆိုတာကို ပါတီက အစကတည်းက ရည်ရွယ်ထားတာရှိတယ်။ ဒီနေရာကနေ ဝင်ပြိုင်ဖို့ကို သဘောထား ပေးထားခဲ့တယ်။ ကော့မှူးမဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ အစောကြီးကတည်းက ပြင်ဆင်ထားတာ ရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လောက်အခက်အခဲတွေရှိရှိ အောင်မြင်အောင်ကျော်ဖြတ်သွားမှာပါ။''ဟုဆိုသည်။
လတ်တလောတွင်ကော့မှူးမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်သူများမှာ ဒေါ်အောင်ဆန်းစုကြည်၊ဦးဒေးဗစ်လှမြင့်နှင့်  ဦးဌေးအောင်(ORCHID)တို့ဝင်ရောက်ဖြစ်သည်။

 လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အော င်ဆန်းစုကြည်ကလည်း ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် အနိုင်ရရှိသည့် ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံအရွေးချယ်ခံသွားမည်ဖြစ်သည်။

ORCHID ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်ကလည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းမဇ္ဈိမသို့ပြောကြားထားသည်။

ညီညွှတ်သော တိုင်းရင်းသားလူမျိူးများဒီမိုကရေစီပါတီ(UNDP) ကနေပဲ ရန်ကုန်တိုင်ဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှက ဝင်ရောက်အရွေး ချယ်ခံသွားမှာလည်းဖြစ်သည်။

UNDP ပါတီအ‌နေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ်လ ၅ ရက်နေ့တွင်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly