စစ်တွေမှာ မဲဆန္ဒရှင် ၄ထောင်ကျော် မဲစာရင်းမပါမှု ပြည်နယ်နဲ့ခရိုင်ရွေးကော်အဖွဲ့ခွဲတို့ မသိသေး

စစ်တွေမှာ မဲဆန္ဒရှင် ၄ထောင်ကျော် မဲစာရင်းမပါမှု ပြည်နယ်နဲ့ခရိုင်ရွေးကော်အဖွဲ့ခွဲတို့ မသိသေး

ဩဂုတ် ၁  

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် မီးလောင်ကွင်းနေရာက ရွှေ့ပြောင်းနေထိုင်သူ ခန့်မှန်းခြေ ၄ ထောင်လောက်ရဲ့ မဲစာရင်းဟာ  ပထမအကြိမ်ကြေညာထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်ခြင်းမရှိဘူးလို့  စက်ရုံစုရပ်ကွက် ၊ ရာအိမ်မှူးဦးထွန်းတင်က ပြောပါတယ်။

 ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးလိုတယ်ဆိုရင် ပုံစံ ၃ မှာဖြည့်သွင်းပြီး မဲပေးနိုင်မှာဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ပြောဆိုကြောင်း ဦးထွန်းတင်က  ပြောပါတယ်။

“ကျွန်တော်တို့အုပ်ချုပ်ရေးမှူးကလေ ပုံစံ၃ကိုယူပြီးတော့ မဲပေးဖို့အတွက် ပေးလို့ရတယ်ပြောတယ်။ အုပ်ချုပ် ရေးမှူးနဲ့ မနေ့ကတွေ့တယ်။ သူကတော့ မဲပေးချင်ရင် ပေးလို့ရတယ်ပြောတယ်။ ကျွန်တော်တို့မှာတော့ အိမ်ထောင်စုဇယားမရှိဘူး။”လို့ ဦးထွန်းတင်က ပြောပါတယ်။  

 မဲဆန္ဒရှင် ၄ထောင်ကျော်မဲစာရင်းထဲမပါတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်နဲ့ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံရွှေလှတို့ကတော့ အဲဒီအခြေ အနေနဲ့ပတ်သက် ပြီး မသိရှိရသေးဘူးလို့ပြောပါတယ်။

“ကျွန်တော်တို့ ဘာမှမကြားသေးဘူး။ စက်ရုံစုရပ်ကွက်ကလည်းအကြောင်းကြားတာမရှိဘူး။ အကယ်လို့ အကြောင်းကြားလာခဲ့ရင် သူတို့ဆီမှာမဲစာရင်းမပါဘူးဆိုရင်တော့ ပုံစံ ၃နဲ့ လျှောက်လွှာတင်ရမယ်လေ။ အဲ့ဒါမှ လျှောက်လွှာတင်တဲ့ လူတွေကိုပြန်စိစစ်ပြီးတော့ အုပ်ချုပ်ရေးမှူးထောက်ခံချက်ပါတဲ့သူတွေကို ပြန်ပြီး ဖြည့်ပေး ရမှာပေါ့” လို့ ဦးစံရွှေလှက ပြောပါတယ်။  

စက်ရုံစုရပ်ကွက်၊ မီးလောင်ကွင်းနေရာမှာ နေထိုင်သူအများစုဟာ လေးနှစ်ကနေ ရှစ်နှစ်ထိ နေထိုင်သူတွေ ဖြစ်ပေမယ့် လက်ရှိအချိန်အထိအိမ်ထောင်စုဇယားမရသေးတဲ့အတွက် အိမ်ထောင်စုဇယားလိုအပ်နေတယ်လို့ လည်း ဦးထွန်းတင်က ပြောပါတယ်။

“ကျွန်တော်တို့မှာလိုအပ်နေတာကတော့ စက်ရုံစုရပ်ကွက်အတွက် အိမ်ထောင်စု ဇယားတွေမရှိဘူး။ မြို့နယ် အသီးသီးအိမ်ထောင်စုဇယားတွေရှိတယ်။ အဲ့ဒါကျွန်တော်တို့လိုချင်တာကတော့ မီးလောင်ကွင်းမှာနေတဲ့သူတွေ အတွက်တော့ အိမ်ထောင်စုဇယားကလုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ကမဲပေးချင်တယ်” လို့ ဦးထွန်းတင်က ပြောပါတယ်။  

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ အမည်၊မှတ်ပုံတင်အမှတ်၊မိဘအမည်တို့ကို တိုင်ဆိုင်စွာစစ်ဆေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေငြာထားတာဖြစ်ပြီး မဲစာရင်းမှာ ကိုယ်အမည်မပါရင် ပုံစံ(၃) နဲ့ လျှောက်ထားရပါမှာဖြစ်ပါတယ်။

ကွယ်လွန်သွားသူတွေ မဲစာရင်းမှာပါဝင်နေပါက ပုံစံ (၄) နဲ့ ကန့်ကွက်ရပါမှာဖြစ်ပြီး အချက်အလက်မှားယွင်းနေ ပါက ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်ပေးဖို့ လျှောက်ထားရမှာဖြစ်ပါတယ်။

အဲဒီလို ပြင်ဆင်ဖြည့်စွက်မယ့် ပုံစံစာရွက်တွေလိုအပ်ပါက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တွေထံမှာ အခမဲ့ရယူနိုင်ပြီး ဖြည့်စွက်၊ ပြင်ဆင်ပြီးပါက အဲဒီကော်မရှင်အဖွဲ့ခွဲတွေထံ ပြန်လည်ပေးပို့ရမှာ လည်း ဖြစ်ပါတယ်။

ဒီလိုပြင်ဆင်ချက်တွေပြီးရင်တော့ ကော်မရှင်အနေနဲ့  မဲဆန္ဒရှင်စာရင်းအသစ်တွေကို ၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလတွင်းမှာ ဒုတိယအကြိမ်ကပ်ထားပေးဦးမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly