အမြင်အာရုံမသန်စွမ်းသူ အနည်းဆုံး ၁ဝ ဦးရှိသည့် မဲရုံတိုင်းတွင် မမြင်စာပါမဲလက်မှတ်နှင့် မဲပေးနိုင်ရေး စီစဉ်မည်

အမြင်အာရုံမသန်စွမ်းသူ အနည်းဆုံး ၁ဝ ဦးရှိသည့် မဲရုံတိုင်းတွင် မမြင်စာပါမဲလက်မှတ်နှင့် မဲပေးနိုင်ရေး စီစဉ်မည်

ဇူလိုင် ၃၁

လာမည့်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမြင်အာရုံမသန်စွမ်းဦးရေ အနည်းဆုံး ၁ဝ ဦးရှိသည့် မဲရုံတိုင်း၌ မမြင်စာပါမဲလက်မှတ်(Braille template) ဖြင့် မဲပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းစီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က မဇ္ဈိမကို ပြောသည်။

 “ဒီတစ်ခေါက်တော့ မဲရုံတစ်ရုံမှာ အမြင်အာရုံမသန်စွမ်းသူ အနည်းဆုံး ဆယ်ဦးရှိပြီဆိုရင် ဒီလိုမဲပေးတဲ့စနစ် လေးဖော်ဆောင်ပေးပါဆိုပြီး တောင်းဆိုခဲ့တာပါ။ သူတို့ဘက် ကလည်း ဒါကိုလက်ခံတယ်။ ပူးပေါင်းဆောင် ရွက်မယ်ဆိုတဲ့ ကတိကဝတ်တော့ လက်ခံရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် မမြင်စာပါမဲလက်မှတ်အသုံးပြုကာ မဲပေးနိုင်ခြင်းအားဖြင့် အမြင်အာရုံမသန်စွမ်းသူတစ်ဦး သည် ဘေးလူအကူအညီမပါဘဲ ကိုယ်ကြိုက်နှစ်သက်ရာကိုယ်စားလှယ်လောင်းအမည်ဘေးတွင် တံဆိပ်တုံး ခတ်နှိပ်ကာ မဲပေးနိုင်မည်ဖြစ်သည်။

"ကျွန်တော်တို့ ခေါ်သွားတဲ့သူတွေက(ဒါမှမဟုတ်) သူတို့ကိုယ်စားပေးတဲ့သူက ကျွန်တော်ပေးချင်တာကို ပေးတယ်၊ မပေးဘူးက ကျွန်တော်တို့ မသိနိုင်ဘူး။ အဲ့ဒီမှာ အသုံးချသွားတာမျိုးရှိနိုင်တာပေါ့။ ယုံကြည်ရတဲ့သူရှိရင် ကိုယ်ကြိုက်သလိုလုပ်၊ Braille စာ(မမြင်စာ) နဲ့ ရေးထားတဲ့ မဲလက်မှတ်နဲ့ ပေးချင်သူပေးဆိုရင်တော့ ကျွန်တော်တို့အတွက် ရွေးချယ်လို့ ရတာပေါ့။ မမြင်သူတွေကိုယ်တိုင်စမ်းပြီးပေးနိုင်တဲ့ မဲပြားလေးရရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူး။ နိုင်ငံခြားမှာတော့ အဲ့ဒါမျိုးလေးတွေ သူတို့လုပ်ပေးတဲ့ အနေအထားရှိတယ်။ ဒီမှာလည်း ဖြစ်နိုင်ရင်လုပ်ပေးရင်ကောင်းတာပေါ့” ဟု အမြင်အာရုံမသန်စွမ်းသူတစ်ဦးဖြစ်သည့် ဦးစောသောင်းကြည်က ပြောသည်။

ထိုသို့ အမြင်အာရုံမသန်စွမ်းသူများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲလက်မှတ် များကို မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ အကုန်အကျခံကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က လိုအပ်တဲ့ အဲ့ဒီလိုမဲလက်မှတ်ကို ကိုယ့်စရိတ်နဲ့ ကိုယ် သူတို့ဆီကို ပို့ပေးရမှာပေါ့။ သူတို့က ဒီမမြင်စာပါမဲလက်မှတ်ကို ခွင့်ပြုပေးမယ်ပေါ့။ ရွေးကောက်ပွဲကော်မရှင်ဘက်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တွေကြေညာပြီး မဲလက်မှတ်ထုတ်တော့မှ ကျွန်တော်တို့က မမြင်စာပါမဲလက်မှတ်ကို ဖန်တီးရမှာပါ။ မဲလက်မှတ်ထုတ်တာနောက်ကျတာတွေဘာတွေ မရှိဘူးဆိုရင်တော့ အခက်အခဲမရှိပါဘူး” ဟု မြန်မာနိုင်ငံမျက်မမြင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အမြင်အာရုံမသန်စွမ်းသူများ လွတ်လပ်စွာမဲပေးခွင့်အတွက် မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများနှင့် ဇူလိုင်လအတွင်းက တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

အမြင်အာရုံမသန်စွမ်းသူများအနေဖြင့် မမြင်စာအသုံးပြုကာ ဆန္ဒမဲပေးခြင်းကို ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် စတင်လုပ်ဆောင်ခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စံပြမဲရုံအဖြစ် ၁၇ခု ခန့်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မသန်စွမ်းသူဦးရေ ၂.၃ သန်းခန့်အနက် မဲပေးနိုင်သူမသန်စွမ်းဦးရေ ၂.၁ သန်းဝန်းကျင်ရှိကြောင်း သိရသည်။

ထိုအထဲမှ လေးပုံတစ်ပုံဝန်းကျင်မှာ အမြင်အာရုံမသန်စွမ်းသည့် မဲပေးနိုင်သူများဖြစ်ကြောင်း မြန်မာနိုင်ငံမျက်မ မြင်များအသင်းမှ  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly