COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေသည့် Moderna ကုမ္ပဏီကို တရုတ်နောက်ခံ ဟက်ကာများ ပစ်မှတ်ထား

COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေသည့် Moderna ကုမ္ပဏီကို တရုတ်နောက်ခံ ဟက်ကာများ ပစ်မှတ်ထား

ဇူလိုင် ၃၁

COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေသည့် Moderna ကုမ္ပဏီကို တရုတ်အစိုးရနှင့် ချိတ်ဆက်ပတ်သက်မှု ရှိသည့် ဟက်ကာများ ပစ်မှတ်ထားခဲ့ကြောင်း အမေရိကန် လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်အခြေစိုက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နေရာ ဦးဆောင် ဇီဝနည်းပညာကုမ္ပဏီဖြစ်သည့် Moderna Inc ကုမ္ပဏီမှ အဖိုးတန်သော အချက်အလက်များကို ခိုးယူရန် ယခုနှစ်အစက ဟက်ကာများက ပစ်မှတ်ထားခဲ့သည်ဟု တရုတ်၏ ဟက်ကာလှုပ်ရှားမှုများကို ခြေရာကောက်နေသည့် ယင်း တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် တရားရေးဝန်ကြီးဌာနသည် တရုတ်အမျိုသားနှစ်ဦးအား အမေရိကန်ကို သူလျှိုလုပ်မှုဖြင့် စွဲချက်တင်ထားကြောင်း အများသိ ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် COVID-19 ကပ်ဘေးအား တိုက်ဖျက်နေသည့် ဆေးသုတေသနများ ပါဝင်သော အရပ်ဖက် အမေရိကန်ပစ်မှတ် သုံးခုအပါအဝင် နိုင်ငံတွင်း သူလျှိုခိုးယူမှုများ လုပ်ခဲ့သည်ဟု ယင်း ဝန်ကြီးဌာနက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နေသည် မက်ဆာချူးဆက်က ဇီဝနည်းပညာကုမ္ပဏီတစ်ခု၏ ကွန်ပျူတာနက်ဝက်ထဲ တရုတ်ဟက်ကာများက ဇန်နဝါရီလအတွင်း၌ ထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ စွဲချက်၌ ဖော်ပြထားသည်။

မက်ဆာချူးဆက်တွင် အခြေစိုက်ပြီး စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဟု ဇန်နဝါရီလအတွင်း ကြေညာခဲ့သည့် Moderna ကုမ္ပဏီကလည်း FBI နှင့် ဆက်သွယ်ထားပြီး ဝန်ကြီးဌာန၏ စွဲချက်တွင် ပါသော ဟက်ကာအုပ်စုများ၏ သတင်းအချက်အလက် ထောက်လှမ်းသည့် လှုပ်ရှားမှုများကို သံသယဖြစ်ဖွယ် သိရှိထားသည်ဟု ရိုက်တာသို့ အတည်ပြုပြောသည်။

“Moderna ဟာ ဖြစ်လာနိုင်တဲ့ ဆိုင်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေကို အထူး သတိဝိရိယထားထားတယ်။ ပြင်ပအထောက်အပံ့လည်း ရယူထားပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ကျွန်တော်တို့ရဲ့ အဖိုးတန် သတင်းအချက် အလက်တွေကို ကာကွယ်နေရတယ်။”ဟု ကုမ္ပဏီ၏ ပြောခွင့်ရသူ ရေးဂျော်ဒန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly