အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက အမတ်များနှင့်ဝန်ထမ်းများနှာခေါင်းစည်းတပ်ရန်ပြော

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက အမတ်များနှင့်ဝန်ထမ်းများနှာခေါင်းစည်းတပ်ရန်ပြော

ဇူလိုင် ၃၀

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေသည့် ကပ်ရောဂါကာလအတွင်း အောက်လွှတ်တော်၌ လွှတ်တော်အမတ်များနှင့်ဝန်ထမ်းများသည် နှာခေါင်းစည်းတပ်ဆင်ရမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နန်စီပလိုစီက “ လွှတ်တော်မှာ ဆွေးနွေးတင်ပြတဲ့အချိန် နှာခေါင်းစည်း မတပ်ထားလို့ရပါတယ်။ လွှတ်တော်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တခြားလူတွေရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနဲ့ ကောင်းကျိုးကို လေးစားတဲ့အနေနဲ့ အမတ်တွေနဲ့ဝန်ထမ်းတွေအားလုံး နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ လိုအပ်ချက်ကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။ စားသောက်တဲ့အချိန်နဲ့ ဆေးလိပ်သောက်တဲ့အချိန်အပါအဝင် တချို့ ခြွင်းချက်တွေကလွဲလို့ အောက်လွှတ်တော်အဆောက်အဦးထဲဝင်လာသူအားလုံး နှာခေါင်းစည်းတပ်သင့်ပါတယ်” ဟု ပြောခဲ့သည်။

ကပ်ရောဂါကာလအတွင်း နှာခေါင်းစည်းတပ်ရန် ငြင်းဆန်ခဲ့သော ရီပတ်ဘလစ်ကန်အမတ်က ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုပြီးနောက် နန်စီပလိုစီက ထိုသို့သတိပေးခဲ့ခြင်းဖြစ်သည်။

ပလိုစီက စည်းကမ်းဖောက်ဖျက်သူကို လွှတ်တော်အဆောက်အဦးမှ ထွက်ခိုင်းရန် အောက်လွှတ်တော်အကြီးအကဲအား ညွှန်ကြားနိုင်သည့်အာဏာရှိကြောင်းနှင့် နှာခေါင်းစည်းမတပ်ခြင်းကို စည်းကမ်းဖောက်ဖျက်မှုအဖြစ် ရှုမြင်ကြောင်း သတိပေးခဲ့သည်။

နှာခေါင်းစည်းယူလာရန်မေ့နေသူများ အောက်လွှတ်တော်အဝင်ပေါက်၌ ရနိုင်ကြောင်းလည်းပြောခဲ့သည်။

ခေါင်းဆောင်များသည် လွှတ်တော်ဆိုင်ရာဆေးပညာရှင်နှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးကိစ္စ ဆွေးနွေးခဲ့သည်ဟု ပလိုစီက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly