မြောက်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်၍ နာရီအတော်ကြာ ယာဉ်အသွားအလာ ရပ်တန့်

မြောက်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်၍ နာရီအတော်ကြာ ယာဉ်အသွားအလာ ရပ်တန့်
ဓာတ်ပုံ- Than Tun

ဇူလိုင် ၃၀

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုတ်ဖော်ကန်ကျေးရွာအနီးရှိ ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်းမဘေး တောင်တန်းမှာ ယနေ့မနက် ငါး နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ယာဉ်အသွားအလာများကို နေ့လည်ပိုင်းအထိ ရပ်တန့်ထားရကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသည် မြောက်ဦးမြို့ပေါ်နှင့် တစ်မိုင်ခွဲခန့်သာ ဝေးကွာပြီး မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများ ဖြတ်သွားဖြတ်လာလုပ်ရင် ထိခိုက်မှာ စိုးရိမ်သည့်အတွက် မြောက်ဦးမြို့ အဝေးပြေးယာဉ်ရပ်နားကွင်းအနီးမှာ ကားများကို ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

ဓာတ်ပုံ- Than Tun

နံနက် ငါးနာရီခန့်မှ စတင်ဖြစ်ပွားသော တိုက်ပွဲသည် နံနက် ၁၀ နာရီအထိ ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်ကြောင်း မြောက်ဦးမြို့ခံ ဦးတင်မြင့်က ပြောသည်။

မြောက်ဦးမြို့ခံ ဦးတင်မြင့်က “ကျွန်တော်တို့ ကြားရသလောက် မြောက်ဦးကားဂိတ်အလွန်ပေါ့။ အဲဒီကားဂိတ် အလွန် တစ်မိုင်ကျော်လောက်မှာ ဖြစ်တယ်လို့ ကြားတယ်။ ဒီနေ့မနက် ငါးနာရီကျော်လောက်ကနေ ဖြစ်ကြတာ။ ဒီနေ့မနက် ၁၀ နာရီကျော်တဲ့အထိ အဆက်မပြတ်ပစ်ခတ်သံတွေ ကြားနေရသေးတယ်။” ဟု ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ပိတ်မိနေသည့် ယာဉ်အစီးရေ ၅၀ ကျော်လောက် ရှိနိုင်ပြီး မွန်းလွဲ တစ် နာရီလောက်အထိ သွားလာလို့ မရသေးကြောင်း သိရသည်။

ယင်းအပြင် အုတ်ဖော်ကန်ကျေးရွာအနီးမှာ ယနေ့ဇူလိုင် ၃၀ရက်နံနက် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျေးရွာအနီးကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အုတ်ဖော်ကန်ကျေးရွာက ဒေသခံများ အနေဖြင့် ရွာအနောက်ဘက်ရှိ မောင်ရွှီကန် ကျေးရွာကို ထွက်ပြေးခဲ့ကြရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဓာတ်ပုံ- Than Tun

“တချို့က အဲဒီရွာရဲ့ အနောက်ဘက်မှာရှိတဲ့ မောင်ရွှီကန်ကျေးရွာကို ခေတ္တတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။ အုတ်ဖော်ကန်ကျေးရွာအနီးတဝိုက်ကိုတော့ လက်နက်ကြီးတွေ ကျတယ်လို့ ပြောတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကိုတော့ ဘာမှမသိရသေးပါဘူး။” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် ရခိုင့်တပ် AA တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေကြခြင်းလည်း ဖြစ်သည်။

ယနေ့တိုက်ပွဲအခြေအနေများနှင့် ပတ်သက်လို့ တပ်မတော်နှင့် ရခိုင့်တပ် AA တို့ နှစ်ဖက်စလုံးက တစ်စုံတရာ ထုတ်ပြန်ပြောမျိုးမှုမျိုး မတွေ့ရသေးပေ။

ယင်းအပြင် မင်းပြားမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်ကနေ ၂၃ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဆက်တိုက် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဒေသခံ သုံးထောင်ဝန်းကျင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

လက်ရှိတပ်မတော်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲကြောင့် ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး (REC) က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly