မဲဆန္ဒနယ်ပြင်ပမှ ကြိုတင်မဲ ၅၀၀၀ရောက်လာပေမယ့် NLD အနိုင်ရမယ်လို့ အမတ်လောင်းဆို

မဲဆန္ဒနယ်ပြင်ပမှ ကြိုတင်မဲ ၅၀၀၀ရောက်လာပေမယ့် NLD အနိုင်ရမယ်လို့ အမတ်လောင်းဆို
လှိုင်သာယာမြို့နယ်တွင် ရောက်ရှိလာသည့် မဲလက်မှတ်များ အပုံလိုက်တွေ့ရစဉ်။ (ဓာတ်ပုံ-ထက်ထက်)
 

ရန်ကုန်၊ နိုဝင်ဘာ ၈ ။ ။ ကယားပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်အတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲ ၅၀၀ကျော်က မဲရုံမပိတ်မီ ၄နာရီအလိုတွင် ရောက်ရှိလာသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိနိုင်ကြောင်း အဲဒီမြို့နယ်ရဲ့ NLD ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ အမတ်လောင်း ဦးအောင်ကျော်ဌေးက မဇ္ဈိမကိုပြောသည်။

"အခု အဲဒီကြိုတင်မဲ ၅၀၀၀ က ၄နာရီမထိုးခင် ရောက်လာတော့ တရားဝင်သလိုတော့ ဖြစ်နေတယ်။ ဒါပေမယ့် ဘယ်သံရုံးတွေက၊ ဘယ်တပ်တွေကပေးတယ်ဆိုတာကို တိတိကျကျပြောတာမရှိဘူး။ အဲဒီ ၅၀၀၀ကို မဲရုံတွေကို ခွဲလိုက်ပြီး၊ ကိုယ်စားလှယ်တွေကို ခွဲလိုက်ရင်တော့ ကျွန်တော်တို့အနိုင်ရနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်ထိတော့ လွိုင်ကော်မြို့က မဲရုံ ၂ရုံ၏ ရလဒ်များကို သိရှိထားရပြီလို့ဆိုသည်။ အဲဒီရလာဒ်ကတော့ လင်ဖုံလေး မဲရုံက NLD ပြည်သူ့လွှတ်တော်အတွက် ၅၅၀မဲ နှင့် ပြည်ခိုင်ဖြိုးအတွက် ၉၀၊ NLD အမျိုးသား လွှတ်တော်အတွက် ၄၅၈မဲ နှင့် ပြည်ခိုင်ဖြိုးအတွက် ၉၂မဲ၊ NLD ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁အတွက် ၄၈၀နဲ့ ပြည်ခိုင်ဖြိုးအတွက် ၁၀၄မဲ နှင့် NLD အပြတ်အသတ်အနိုင်ရထားသည်။

ယင်းအပြင် အခြားမဲရုံတစ်ခုဖြစ်သည့် ကယန်းသာယာတွင်လည်း NLDက ပြည်သူ့လွှတ်တော်အတွက် ၇၀၄မဲ၊ ပြည်ခိုင်ဖြိုးအတွက်၂၀၀၊ NLD အမျိုးသား လွှတ်တော်အတွက် ၆၅၈မဲ နှင့် ပြည်ခိုင်ဖြိုးအတွက် ၁၉၉မဲ၊ NLD ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁အတွက် ၆၀၀မဲ နှင့် ပြည်ခိုင်ဖြိုးအတွက် ၁၉၀မဲတို့ဖြင့် NLD ကပင် အပြတ်အသတ် အနိုင်ရထားသည်။

အဆိုပါမဲရုံများအပြင် အချို့နေရာများတွင် အပြတ်အသတ်အနိုင်ရရှိထားသော်လည်း မဲစာရင်းအတိ အကျကိုမူ မသိရသေးကြောင်း ဦးအောင်ကျော်ဌေးက ပြောသည်။

လွိုင်ကော်မြို့နယ်တစ်ခုလုံး၌ မဲရုံပေါင်း ၈၁ရုံအထိရှိနေပြီး၊ မဲပေးနိုင်ခွင့်ရှိသူ ရှစ်သောင်းတစ်ထောင်ကျော် ထိရှိသည်။

ကယားပြည်နယ် လွိုင်ကော်မဲဆန္ဒနယ်မှာတော့ NLD က ပြည်သူ့လွှတ်တော်အတွက် ဒေါက်တာခင်စည်သူနှင့် ပြည်နယ်မဲဆန္ဒနယ် ၁အတွက် ဦးအောင်ကျော်ဌေးနှင့် ပြည်နယ် ၂အတွက် ဦးတင်မြင့်တို့က ဝင်ရောက်ယှဉ်ပြိုင် ကြသည်။

အဲဒီလိုပဲ ပြည်ခိုင်ဖြိုးကတော့ ပြည်သူ့လွှတ်တော်အတွက် ဦးခင်မောင်ညို နှင့် ပြည်နယ် ၁အတွက် ဦးမော်ရယ် နှင့် ပြည်နယ် ၂အတွက်ကိုမူ ဦးတင်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags