ရန်ကုန်ရှိ ဘုရားအားလုံး ပြန်မဖွင့်နိုင်သေး

ဇူလိုင် ၃၀ရက်

COVID-19ကာလအတွင်း ပိတ်ထားရသည့် ရန်ကုန်မြို့က ဘုရားစေတီများအား ဇူလိုင် ၃၀ ရက်တွင် ပြန်ဖွင့်ရန် တိုင်းအစိုးရက ကြေညာထားသော်လည်းမဖွင့်ဖြစ်သေးကြောင်း သိရသည်။

ဆူးလေဘုရားဂေါပကအဖွဲ့မှ ဦးမောင်မောင်လေးက"ဖွင့်ဖို့တော့ အဆင်သင့်လုပ်ပြီးပြီ လာစစ်ဆေးတာတော့ရှိတာပေါ့။ ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဘုရားကျောင်းတွေ၊ စေတီပုထိုး တွေအားလုံး ဖူးမြော် ဝတ်ပြုခွင့်ကို ခွင့်မပြုသေးပါကြောင်း လမ်းညွှန်မှုအရ အကြောင်းကြားပါသည်ဆိုပြီး စာရောက်လာတယ်"ဟု  ဆိုသည်။

COVID-19 ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးအတွက် အစိုးရ၏အမိန့်ညွှန်ကြားချက်များအား  ဇူလိုင် ၃၁ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ယခုတွင် သြဂုတ် ၁၅ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်သည့်အတွက် ဘုရားများအားပြန်ဖွင့်ခွင့်မပြုခြင်းဖြစ်ကြောင်း ဘုရားဂေါပကများက ဆိုသည်။

ဇူလိုင် ၃၀ရက်နေ့ ပြန်ဖွင့်ခွင့်ပြုမည့်ဘုရားများထဲတွင် ဗိုလ်တထောင်မြို့နယ်မှာရှိသည့် ဗိုလ်တထောင်ကျိုဒေးအပ်ဆံတော်ရှင်စေတီတော်ကြီးသည် ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် မဖွင့်နိုင်သေး ကြောင်းသိရသည်။ ရွှေတိဂုံစေတီတော်သည်လည်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နည်းပညာဆိုင်ရာ ပြင်ဆင်မှုများ ဆောင်ရွက် နေဆဲဖြစ်သည့်အတွက် ပြန်မဖွင့်နိုင်သေးကြောင်း ဂေါပကအဖွဲ့က ထုတ်ပြန်ထား သည်။

ကျိုက္ကဆံ ဆံတော်ရှင် စေတီတော်မှ အတွင်းရေးမှူး ဦးစိုးမြင့်က"ဘုရားတွေကတော့ဖွင့်ချင်တာပေါ့ ၊ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ သတ်မှတ်ချက်နဲ့အညီ လုပ်ဖို့က ကျွန်တော်တို့လည်း တာဝန်ရှိတယ်"ဟု  ပြောသည်။

ဘုရားများပြန်ဖွင့်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်များအား စနစ်တကျလုပ်ဆောင်ထားပြီးဖြစ်သည့်အတွက် ဒီကနေ့တွင် ပြန်ဖွင့်ခွင့်မရသော်လည်း နောင်ပြန်ဖွင့်ခွင့်ပြုသည့်အခါတွင် အဆင်သင့်ဖြစ်နေကြောင်း ဆူးလေဘုရားဂေါပကအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောသည်။

ရွှေတိဂုံစေတီတော်အား သြဂုတ်လ ဒုတိယပတ်လောက်အစောဆုံးထားကာ ပြန်ဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ရွှေတိဂုံစေတီတော်အား ဖူးမြော်ခွင့်ရရန် အွန်လိုင်းမှ မှတ်ပုံတင်ပြီးဆောင်ရွက်သွားမှာဖြစ်ကာ ရိုးရိုးစာရင်းပေးသည့် စနစ်ဖြင့်လည်းခွင့်ပြုပေးသွားမှာဖြစ်သည်။

ရွှေတိဂုံစေတီတော်သည် ကိုဗစ်ကာလမဖြစ်ပွားခင်အချိန်က တစ်ရက်ကိုလာရောက်ဖူးမြော်သူ သောင်းနှင့်ချီရှိခဲ့သည့်အတွက် ကိုဗစ်ကာလတွင် ပြန်လည်ဖွင့်လှစ်သည့်အခါ လူစုလူဝေးမဖြစ်စေရန် စောင်းတန်းတစ်ခု လူဦးရေ ၁၅၀ ဦးစီ အသုတ်လိုက်ခွဲကာ ဖူးမြော်ခွင့်ပြုမှာဖြစ်ပြီး စေတီတော်ရင်ပြင်တစ်ခုလုံးတွင် လူနှစ်ထောင်ထက်မများစေဘဲ ဖူးမြော်ခွင့်ပြုရန်စီစဉ်ထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 ရန်ကုန်တိုင်းဒေသကြီးရှိ Down Town ခြောက်မြို့နယ်က ဘုရား၊ စေတီများအား ဇူလိုင် ၃၀ ရက်နေ့ကစပြီး  ပြန်လည်ဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဇူလိုင် ၂၈ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။သို့သော် ဘုရားများဖွင့်ခွင့်မပြုတော့ကြောင်းဇူလိုင် ၂၉ ရက်နေ့ ညပိုင်းက အကြောင်းကြားစာထပ်ရောက်လာခဲ့ခြင်းဖြစ်သည်။

COVID-19 ‌ရောဂါကိုထိန်းချုပ်နိုင်ရန်အတွက် လူငါး ဦးထက်ပို၍ စုဝေးခြင်းမပြုရဟူသော သတ်မှတ်ချက်အစား လူ ၁၅ ဦးထက်ပို၍စုဝေးခြင်းမပြုရဟူသော အမိန့်ပြင်ဆင်ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 အစိုးရ၏ အမိန့်ကြေညာစာများအရ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နှင့် ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်တို့ ဆက်လက်လိုက်နာရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly