ဆော်ဒီတွင် ဟာ့ချ်ဘုရားဖူးများ နှာခေါင်းစည်းများ ဝတ်ဆင်ကာ စုရုံးဝတ်ပြု

ဆော်ဒီတွင် ဟာ့ချ်ဘုရားဖူးများ နှာခေါင်းစည်းများ ဝတ်ဆင်ကာ စုရုံးဝတ်ပြု

ဇူလိုင် ၃၀

ဆော်ဒီအာရေဗျ၏ အမြင့်မြတ်ဆုံး အစ္စလာမ္မ ဝတ်ပြုဆုတောင်းရာ နေရာတွင် ဗုဒ္ဓဟူးနေ့က ဟာ့ချ်ဘုရားဖူးဝတ်ပြုခြင်းအတွက် နှာခေါင်းစည်းများ ဝတ်ဆင်ထားသော မွတ်စလင်များက စုရုံးဝတ်ပြုခဲ့သည်။

အမေရိကန်၊ တရုတ်နှင့် အိန္ဒိယတို့တွင် ကူးစက်ဖြစ်ပွားမှုသစ်များကြောင့် သတိပေးချက်များ ထုတ်ပြန်ထားချိန် ယခု ဆော်ဒီက ဝတ်ပြုဆုတောင်းမှုသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူဦးရေ ကြီးကြီးမားမား လျော့နည်းသည်။

မက္ကာရှိ ဟာ့ချ်ဝတ်ပြုဆုတောင်းရာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဘာသာရေးစုရုံးမှုဖြစ်ပြီး ပြီးခဲ့သည့် နှစ်က လာရောက်ဝတ်ပြုသူပေါင်း ၂ ဒသမ ၅ သန်း ရှိခဲ့သည်။ သို့သော် ယခုနှစ်တွင်မှု အများဆုံး လူ တစ်သောင်းသာ ဝတ်ပြုနိုင်မည် ဖြစ်သည်။

ဝတ်ပြုဆုတောင်းရာသို့ ရောက်လာသူများအနေဖြင့် ဦးစွာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်ခံရပြီး ရောဂါခြေချုပ် ထားရှိပြီးမှာ ဝင်ရောက်ဝတ်ပြုခွင့်ရမည် ဖြစ်သည်။ ဆော်ဒီအာရေဗျသည် အရှေ့အလယ်ပိုင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားသော တစ်နိုင်ငံလည်း ဖြစ်သည်။

ဆော်ဒီအာရေဗျတွင် ယခုကဲ့သို့ ကိုရိုနာဘေးကြုံနေစဉ် ကမ္ဘာပေါ်၌ ကူးစက်ဖြစ်ပွားမှု အများဆုံးအဖြစ် အမေရိကန်သည် ကပ်ဘေးအခြေအနေ ဆိုးနေသည်။ အင်္ဂါနေ့က စာရင်းများအရ တစ်နေ့အတွင်း လူပေါင်း ၁၆၀၀ သေဆုံးရာ နှစ်လကျော်အတွင်း သေဆုံးမှု အမြင့်မားဆုံး ဖြစ်ခဲ့သည်။ ကူးစက်ဖြစ်ပွားနှုန်းမှာလည်း ၂၄ နာရီအတွင်း ခြောက်သောင်းနီးပါးအထိ ရှိခဲ့သည်။

နေ့စဉ်ကူးစက်မှုတွင် အမေရိကန်နှင့် နှုန်းတူသလောက်မှာ အိန္ဒိယဖြစ်ပြီး ဗုဒ္ဓဟူးနေ့က အသစ်ကူးစက်သူပေါင်း ငါးသောင်းရှိခဲ့ရာ စုစုပေါင်း ကူးစက်ဖြစ်ပွားသူသည် ၁ ဒသမ ၅ သန်းအထိ ရှိလာသည်။

သို့သော် အိန္ဒိယ၏ တရားဝင်နှုန်းထားသည် သုတေသနများအရ အမှန်ရှိသည်ထက် လျော့နည်းကြောင်း ဖော်ပြထားသည်။ လူဦးရေထူထပ်သော ဆင်းရဲသားရပ်ကွက်များတွင် တော်တော်များများ ကူးစက်ဖြစ်ပွားနေပြီး ၎င်းတို့က စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်ထားခြင်းလည်း မရှိ၍ ဖြစ်သည်ဟု သုတေသနက ထောက်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူပေါင်း ၆၆၀၀၀၀ ကျော်ရှိပြီး စုစုပေါင်း ကူးစက်သူ နှုန်းထားသည် ၁၅ သန်းနီးပါးအထိ ချည်းကပ်လာပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly