လူကြိုက်များသည့် ဆေးဖက်ဆိုင်ရာပညာရှင်အပေါ် ထရမ့် မကျေနပ်

လူကြိုက်များသည့် ဆေးဖက်ဆိုင်ရာပညာရှင်အပေါ် ထရမ့် မကျေနပ်

ဇူလိုင် ၂၉

ဆေးဖက်ဆိုင်ရာ ပညာရှင် အန်တိုနီဖော့စီအား လူကြိုက်များမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့၌ မကျေနပ်သံစွက်ကာ ပြောလာခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကပ်ဘေးကို ၎င်း၏ ကိုင်တွယ်ပုံအတွက် မဲပေးပြည်သူများ၏ ထောက်ခံမှုရရန် ကြိုးပမ်းနေရစဉ် ထရမ့်က ‘ကျွန်တော်တို့လို လူမျိုး ဘယ်သူမှ မရှိဘူး။’ဟူ၍လည်း အရွှမ်းဖောက် ပြောဆိုသည်။

“ဒါဟာ ကျွန်တော်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့်ပဲ ဖြစ်မယ်။”ဟု ထရမ့်က ပြောသည်။

ထရမ့်၏ ကိုရိုနာဗိုင်းရပ်စ် လုပ်ငန်းစဉ်အဖွဲ့မှ ကူးစက်ရောဂါဆိုင်ရာ ပညာရှင် ဖော့စီသည် အစိုးရအတွင်း အယုံကြည်ရဆုံး သူများမှ တစ်ဦးဖြစ်ပြီး များစွာသော အမေရိကန်ပြည်သူများသည် ဗိုင်းရပ်စ်ကူးစက်မှုမှာ မည်သို့ ကာကွယ်ရမည်ဆိုသည်ကို ဖော့စီ၏ အကြံပေးချက်များအား စိတ်ရောကိုယ်ပါ နာခံကြသည်။

အခြားတစ်ဖက်တွင်မူ ကပ်ဘေးအား ကိုင်တွယ်ပုံနှင့် ပတ်သက်ကာ ထရမ့်မှာ ဝေဖန်မှုများ ခံနေရပြီး နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ၌ ဒီမိုကရက်မှ ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ရမည့် ဘေးအန္တရာယ်နှင့် ကြုံကြိုက်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာ၌ ငှက်ဖျားဆေး ဟိုက်ဒရိုခလိုရိုကွင်းကို ထောက်ခံချက်ပေးခဲံသည်ကို ခုခံကာကွယ်ပြောသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ထရမ့်က ဖော့စီနှင့် ပတ်သက်ပြီး ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ ဗိုင်းရပ်စ် အစောပိုင်း အခြေအနေတွင် ဟိုက်ဒရိုခလိုရိုကွင်းက အလုပ်ဖြစ်သည်ဟု ယူဆသည်ဟု ထရမ့်က ပြောထားသည်။

ပြည်သူ့ကျန်းမာရေးပညာရှင်အများစုက ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာ၌ ဟိုက်ဒရိုခလိုရိုကွင်းကို မသုံးသင့်ဘဲ ယင်းက နှလုံးနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်ဟု ပြောကြသည်။

ထရမ့်သည် သူနှင့် သူ့အစိုးရအနေဖြင့် ဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဖော့စီနှင့် လုပ်ငန်းစဉ်အဖွဲ့ဝင် အခြား နာမည်ကြီးတစ်ဦးဖြစ်သည့် ဒီဘိုရက်ရှ်တို့သာမဟုတ်ဘဲ ၎င်းတို့အနေဖြင့်လည်း ချီးမွှမ်းခံထိုက်သည်ဟု ပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရနဲ့အတူ သူက အလုပ်လုပ်နေတာ ဖြစ်တယ်။ သူတို့ရဲ့ အကြံပြုချက်ကို ကျွန်တော်တို့ တော်တော်များများ စွမ်းဆောင်ပေးနေတာလည်း ဖြစ်တယ်။ သူကတော့ လူတော်တော်များများ ချီးမွှမ်းခံနေရတယ်။ ဘာကြောင့် ကျွန်တော်က ဒီ ဗိုင်းရပ်စ်အရေးမှာ ချီးမွှမ်းမခံရတာလဲ။ ကျွန်တော်တို့ အစိုးရလည်း ဒီအရေးမှာ ချီးမွှမ်းထိုက်တာပဲ မဟုတ်လား။”ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly